လော့စ်အိန်ဂျလိစ်

April 30, 2019

လော့စ်အိန်ဂျလိစ် လူစည်ကားသည့်နေရာကို ဗုံးခွဲရန် ကြံစည်မှုဖြင့် စစ်ပြန်ဟောင်းအား ဖမ်းဆီး

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့က လူစည်ကားတဲ့ နေရာတခုမှာ ဗုံးဖောက်ခွဲဖို့ ကြံစည်မှုနဲ့ အမေရိကန်စစ်ပြန်ဟောင်း တယောက်ကို ဖမ်းခဲ့တယ်လို့ ပြည်ထောင်စုအစိုးရ ရှေ့နေတွေက ဧပြီ ၂၉ ရက်နေ့မှာ ပြောပါတယ်။ အာဖဂန်နစ္စတန် တိုက်ပွဲအတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ အဲဒီအမျိုးသားဟာ အသက် ၂၆ နှစ်အရွယ် မာခ့် စတီဗန် ဒိုမင်ဂို ဖြစ်ပြီး နောက်ပိုင်းမှာ သူဟာ အစ္စလာမ် ဘာသာဝင်အဖြစ် ခံယူခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ သူဟာ ဂျူးလူမျိုးတွေကို သတ်ချင်တယ်၊ ရဲအရာရှိတွေကို ပစ်မှတ်ထား တိုက်ခိုက်ချင်တဲ့အပြင် စစ်ဘက်ဌာနတွေ ဒါမှမဟုတ် စည်ကားတဲ့ ဆန်တာမိုနီကာ တံတားပေါ်က လူအုပ်ကို တိုက်ခိုက်ချင်ကြောင်း ပြောခဲ့တယ်လို့ အမေရိကန်ရှေ့နေချုပ် နစ်ခ်ဟန်နာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒါ့အပြင် မစ္စတာ ဒိုမင်ဂိုဟာ သုံးလက်မသံတွေကိုလည်း ဝယ်ခဲ့ပြီး အဲဒီသံတွေက လူ့ခန္ဓာကိုယ်ထဲကို ထိုးသွင်းဖို့နဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထိုးဖောက်ဖို့ လုံလောက်တဲ့အရှည် ရှိတယ်လို့ ထွက်ဆိုခဲ့တယ်လို့လည်း FBI မှတ်တမ်းတခုမှာ ဖော်ပြထားပါတယ်။ ဒိုမင်ဂိုဟာ အကြမ်းဖက်ဝါဒ အားပေးထောက်ပံ့မှုနဲ့ ပြည်ထောင်စု ရာဇဝတ်မှု စွဲချက်တင်ခံထားရပါတယ်။ စွဲချက်အားလုံး ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် သူဟာ ထောင်ဒဏ် အများဆုံး ၁၅ နှစ်အထိ ကျခံရနိုင်ပါတယ်။
3 years Ago

January 15, 2019

လော့စ်အိန်ဂျလိစ်မြို့တွင် ကျောင်းဆရာ ၃ သောင်းကျော် ဆန္ဒပြ

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ ဇန်နဝါရီ ၁၄ ရက်နေ့က ကျောင်းဆရာ အယောက် ၃ သောင်းကျော် ဆန္ဒပြနေကြပါတယ်။ လုပ်ခလစာ တိုးမြှင့်ရေးနဲ့ စာသင်ခန်းတွေ အရွယ်အစားလျှော့ချရေး တောင်းဆိုရင်း အမေရိကန်ရဲ့ ဒုတိယအကြီးဆုံး ကျောင်းစနစ်ထဲက ဆရာတွေဟာ လုပ်ငန်းခွင်တွေကို ကျောခိုင်းခဲ့ကြပါတယ်။ စာချုပ်သစ်ချုပ်ဆိုရေး ညှိနှိုင်းမှုတွေ ပျက်ပြယ်ပြီးနောက် မိုးရေထဲမှာ မြို့လယ်ခေါင်ဆီ ချီတက်ခဲ့ကြတာပါ။ လော့စ်အိန်ဂျလိစ်တဝန်းရှိ ကျောင်းဝင်း ၉၀၀ ကျော်က စာသင်ကျောင်းတွေဆီ ကျောင်းသားတွေ ရောက်လာချိန်မှာ ဆရာတွေက နှစ် ၃၀ အတွင်း ပထမဆုံးသပိတ်အတွက် ဆန္ဒပြဖို့ ထွက်လာတာကို တွေ့ခဲ့ကြပါတယ်။ ဒီစနစ်ထဲမှာ ကျောင်းသားပေါင်း ၆ သိန်း ၄ သောင်း ပညာသင်နေပါတယ်။ ဆရာတွေ၊ သမဂ္ဂ အဖွဲ့ဝင်တွေနဲ့ ထောက်ခံသူတွေ အယောက် ၂ သောင်းလောက် မြို့တော်ခန်းမ အပြင်ဘက်မှာ စုရုံးခဲ့ကြပြီး ခရိုင်ဌာနချုပ်တွေဆီကို ချီတက်ရင်း ပြင်ဆင်လာတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးပါတယ်။ သပိတ်ပွဲ ဘယ်နေ့ပြီးမယ်ဆိုတာ သတ်မှတ်မထားပါဘူး။ တကယ်လို့ စာသင်ချိန်တွေ ဖျက်သိမ်းခဲ့ရင် အလုပ်သမားလူတန်းစား မိသားစုတွေအတွက် ကလေးတွေကို စောင့်ရှောက်ဖို့ ကျောင်းတွေကို ဆက်ဖွင့်ပြီး စီမံရေးဌာန ဝန်ထမ်းတွေနဲ့ အစားထိုး ဆရာတွေက ဆက်ပြီး စာသင်ဖို့ ခရိုင်အရာရှိတွေက စီစဉ်ထားပါတယ်။
3 years Ago
More News
Up