လောင်စာတင်ယာဉ်

May 7, 2019

နိုက်ဂျာတွင် တိမ်းမှောက် လောင်စာတင်ယာဉ်မှ ဓာတ်ဆီကို ပိုက်ဖြင့်စုပ်ချိန် ပေါက်ကွဲ၊ ၆၀ နီးပါး သေဆုံး

နိုက်ဂျာနိုင်ငံမှာ တိမ်းမှောက်နေတဲ့ လောင်စာတင်ယာဉ်က ဓာတ်ဆီကို ပိုက်နဲ့စုပ်ယူချိန် ပေါက်ကွဲခဲ့တာကြောင့် ဓာတ်ဆီယူသူ ၅၈ ယောက်ထက်မနည်း သေဆုံးတယ်လို့ အစိုးရက မေလ ၆ ရက်နေ့မှာ ပြောပါတယ်။ ပေါက်ကွဲမှုဟာ မြို့တော် နီယမ်မေးနဲ့ နိုင်ငံတကာလေဆိပ်ကို ဆက်သွယ်တဲ့ အဝေးပြေးလမ်းမပေါ်မှာ မေလ ၅ ရက် ညက ဖြစ်ခဲ့တာပါ။ ပေါက်ကွဲမှုဖြစ်တဲ့နေရာအနီးက မီးလောင်ဒဏ်ရာရသူ ၃၇ ယောက်ကို ဆေးရုံတင်ထားပြီး အတော်များများဟာ အခြေအနေ စိုးရိမ်ရတယ်လို့ နိုက်ဂျာ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့နေရာက မီးလောင်ရုပ်အလောင်း ၅၅ ခု ရရှိတာနဲ့အတူ နောက်ထပ် ဒဏ်ရာရသူ ၃ ယောက် သေဆုံးတာကြောင့် သေဆုံးသူ ၅၈ ယောက်အထိ မြင့်တက်လာတယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။ နိုက်ဂျာသမ္မတ မဟာမဒူ အစ်ဆိုဖူဟာလည်း ဒဏ်ရာရလူနာတွေကို ဆေးရုံမှာ သွားရောက်ကြည့်ရှုခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago

December 12, 2016

ကင်ညာတွင် လောင်စာတင်ယာဉ် ပေါက်ကွဲမီးလောင်၊ အနည်းဆုံး လူ ၄၀ ကျော်သေဆုံး

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော် အနောက်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က လောင်စာတင်ယာဉ်တစီး လမ်းပေါ် ပြင်းထန်တဲ့ ပေါက်ကွဲမှုအတွင်း သေဆုံးသူ ၄၂ ဦးထက်မနည်း ရှိလာပါတယ်။ ယူဂန်ဒါနိုင်ငံကို လောင်စာတင်ယာဉ်သွားနေချိန် ကုန်းအဆင်းမှာ အရှိန်မထိန်းနိုင်ဖြစ်ပြီး တခြားကားတွေကို တိုက်မိခဲ့တာလို့ အမျိုးသား ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ၁၁ ဦးဟာ ကင်ညာလုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။ လူအယောက် ၅၀ လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး ၈ ဦးက စိုးရိမ်ရတယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။ ယာဉ်အသွားအလာများတဲ့ လမ်းပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်ဖြစ်ချင်း တခြားကားတွေကို မီးလုံးကြီး ကူးစက်လောင်ကျွမ်းခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ယာဉ်တိုက်မှုကို လူအများအပြား လာကြည့်ချိန်မှာ ပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ပြီး မီးကူးစက် လောင်ကျွမ်းခဲ့တယ်လို့ ပြောပါတယ်။ ၂၀၀၉ ခုနှစ်ကလည်း နိုင်ငံအလယ်ပိုင်းမှာ အခုလို လောင်စာဆီတင်ယာဉ် မီးလောင်မှုဖြစ်ပြီး လူ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။
4 years Ago
Up