လောင်စာဆီဈေး

January 2, 2017

လောင်စာဆီဈေး ရုတ်တရက်မြင့်တက်မှုကြောင့် မက္ကဆီကိုလူထု ဆန္ဒပြ

မက္ကဆီကိုနိုင်ငံမှာ လောင်စာဆီဈေး ရုတ်တရက်မြင့်တက်သွားတာကြောင့် လူထုစိတ်ဆိုးပြီး ဇန်နဝါရီ ၁ ရက်နေ့က လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ လောင်စာဆီဈေးဟာ ဇန်နဝါရီလထဲမှာ ၂၀ ရာခိုင်နှုန်းအထက် မြင့်တက်မယ့်အကြောင်း ဘဏ္ဍာရေးဝန်ကြီးက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ တရားဝင် ကြေညာခဲ့ပါတယ်။ ဆန္ဒပြသူတွေက “ပဲန်နာ ထွက်သွား၊ ထွက်သွား” ဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး လက်ရှိသမ္မတ အန်ရစ်ကဲ ပဲန်နာ နီယဲတိုး (Enrique Pena Nieto) နုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြသူတဦးက “လောင်စာဆီကိစ္စက ပြဿနာတခု ဖြစ်နေပါတယ်။ ဈေးတက်တာက ပြဿနာမဟုတ်ပါဘူး။ အစိုးရက အနှစ် ၃၀ လောက် လောင်စာဆီသန့်စင်စက်ရုံ မဆောက်လုပ်တာက အဓိကပြဿနာ ဖြစ်ပါတယ်။ အခွန်ငွေအားလုံးကို သူတို့က ခိုးယူနေပါတယ်။ ဒါကြောင့် လောင်စာဆီကို ပြည်ပကနေ တင်ပို့နေရတယ်” လို့ ဝေဖန်သွားပါတယ်။ နောက်ဆန္ဒပြသူတဦးကလည်း “အစိုးရလုပ်ခဲ့တဲ့အပေါ် အပြည့်အဝ ကန့်ကွက်ကြောင်း ဆန္ဒပြတာပါ။ လောင်စာဆီပြဿနာကြောင့် တိုင်းပြည်ပျက်စီးပါလိမ့်မယ်” လို့ ပြောကြားသွားပါတယ်။ စီးပွားရေးကျပ်တည်းတဲ့ မက္ကဆီကိုနိုင်ငံမှာ ဓာတ်ဆီ၊ ဒီဇယ်ဆီဈေးဟာ ချမ်းသာပြီး ကမ္ဘာ့လောင်စာဆီဈေးကွက်ကို ချုပ်ကိုင်ထားတဲ့ အိမ်နီးချင်း အမေရိကန်ပြည်ထောင်စုထက် ပိုမြင့်တက်နေကြောင်း ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
5 years Ago
Up