လောင်ကျွမ်း

January 29, 2018

ထိုင်ဝမ်တွင် ရေနံချက်စက်ရုံပေါက်ကွဲပြီး မီးအကြီးအကျယ် လောင်ကျွမ်း

ထိုင်ဝမ်မြောက်ပိုင်း ထောင်းယွမ်မြို့မှာ ဒီနေ့မနက်ပိုင်းက အစိုးရပိုင် ရေနံချက်စက်ရုံတရုံ ပေါက်ကွဲခဲ့ပြီး မီးအကြီးအကျယ် လောင်ခဲ့လို့ ဒေသခံတွေ အထိတ်တလန့် ဖြစ်ခဲ့ပါတယ်။ တလကြာ ပြင်ဆင်ခဲ့တဲ့ အမှတ် ၂ ဒီဇယ်သန့်စင်ရုံ ပြန်ပြီးလည်ပတ်ခဲ့ရာက အခုလို မတော်တဆ ဖြစ်ခဲ့တာလို့ ထိုင်ဝမ်အစိုးရပိုင် ရေနံကုမ္ပဏီ (CPC) က ကြေညာချက် ထုတ်ခဲ့ပါတယ်။ အပူပြန်ပေးတဲ့စနစ်ရဲ့ ပိုက်လိုင်းတခု ပေါက်ကွဲရာက မီးလောင်ခဲ့တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ အခု မီးလောင်ပေါက်ကွဲခဲ့တဲ့ ဒီဇယ်ချက်ရုံစနစ်ကို ဒီဇင်ဘာ ၂၅ ရက်ကနေ ၂၇ ရက်နေ့အတွင်း ပြုပြင်ခဲ့တာလို့ ဆိုပါတယ်။ အခုလို မတော်တဆမှုကြောင့် လေထုညစ်ညမ်းမှု ဆိုးရွားခဲ့လို့ ထိုင်ဝမ်အစိုးရပိုင် ရေနံကုမ္ပဏီကို ထိုင်ဝမ် သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး အာဏာပိုင်တွေက ဒေါ်လာ ၃ သောင်း ၄ ထောင်ကျော်နဲ့ ညီမျှတဲ့ ထိုင်ဝမ်ဒေါ်လာ ၁ သန်း ဒဏ်ရိုက်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက အစီရင်ခံထားပါတယ်။
3 years Ago
Up