လေယာဉ်ဝန်ထမ်း

July 1, 2018

လေယာဉ်ဝန်ထမ်းအား တိုက်ခိုက်သည့်ခရီးသည်ကို ရဲတပ်ဖွဲ့က အင်အားသုံးဖမ်းဆီး (ရုပ်သံ)

လေယာဉ်ပေါ် သောင်းကျန်းနေတဲ့ ခရီးသည်တဦးကို တာဝန်ကျလုံခြုံရေးဝန်ထမ်းတွေက အင်အားသုံး ဖမ်းဆီးနှိမ်နင်းမှုတခု မကြာသေးခင်က ဖြစ်ပွားခဲ့တယ်လို့ Daily Mail သတင်းမှာဖော်ပြပါတယ်။ ဒီဖြစ်စဉ်ဟာ မယ်လိုကာကို ဦးတည်နေတဲ့ Easy Jet လေယာဉ်တစင်းပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ ထွက်ပေါ်လာတဲ့ ထိတ်လန့်ဖွယ် ဗွီဒီယိုဖိုင်အရ အမျိုးသားတဦးကို လေယာဉ်ဝင်ပေါက် ကြမ်းပြင်ပေါ်မှာလှဲချပြီး လေယာဉ်ပေါ်က ဖယ်ရှားဖို့ကြိုးပမ်းနေတဲ့ လုံခြုံရေးဝန်ထမ်းတွေကို မြင်တွေ့ရပါတယ်။ လုံခြုံရေးဝန်ထမ်းတွေရဲ့ လက်ကနေလွတ်ဖို့ အဲဒီအမျိုးသားက ရုန်းကန်အော်ဟစ်နေတဲ့ အသံကိုလည်း ဗွီဒီယိုဖိုင်မှာ ကြားရမှာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ လေယာဉ်စီး ခရီးသည်တွေရှေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လုံခြုံရေး ဝန်ထမ်းတဦးက အဆိုပါအမျိုးသားကို မလှုပ်နိုင်အောင် ချုပ်ထားလိုက်တာကိုလည်း တွေ့မြင်ရပါတယ်။ ဒီဖြစ်စဉ်ဟာ ပဲရစ်မြို့ရဲ့ ချားလက်ဒီဂေါလေဆိပ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ လေယာဉ်ပေါ်ပါ အမျိုးသားတစုရဲ့ ရန်လိုတဲ့ အမူအယာတွေကြောင့် လေယာဉ်ဝန်ထမ်းတွေက ရဲကိုခေါ်လိုက်ရာမှ ဒီဖြစ်ရပ်ပေါ်ပေါက်လာရတာလို့ Mirror သတင်းမှာ ရေးသားထားပါတယ်။ လေယာဉ်ခရီးစဉ်ပေါင်း ၃ဝဝ နီးပါးကို ဖျက်သိမ်းလိုက်တာကြောင့် လေဆိပ်မှာ ခရီးသည်ထောင်ပေါင်းများစွာ သောင်တင်နေချိန်မှာ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။ ပြင်သစ် လေယာဉ်ထိန်းသိမ်းရေး ဝန်ထမ်းတွေရဲ့ သပိတ်မှောက်မှုကြောင့် ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ရတာဖြစ်ပြီး ဒီဖျက်သိမ်းမှုတွေကြောင့် လေယာဉ်ချိန်တွေ ကြန့်ကြာမှုအပေါ် မကျေမနပ်ဖြစ်နေတဲ့ ခရီးသည်အမျိုးသားက လေယာဉ်ဝန်ထမ်းတဦးကို ခေါင်းနဲ့ဆောင့်ခဲ့ရာမှ ပြဿနာတွေ ပေါ်ပေါက်လာတာပါ။ လေယာဉ်ဝန်ထမ်းကို တိုက်ခိုက်ပြီး လေယာဉ်ပေါ်သောင်းကျန်းခဲ့တဲ့ ဝန်ထမ်းကို ဖမ်းဆီးလိုက်ပြီဖြစ်ပြီး ဒီဖြစ်ရပ်ကို ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုဖိုင်ကိုလည်း တွစ်တာသုံးစွဲသူတွေက ကြိမ်ဖန်များစွာ ပြန်လည်မျှနေပါတယ်။
3 years Ago
Up