လေယာဉ်တင် ဗုံးသီးဟောင်းတလုံး

September 13, 2017

လေယာဉ်တင် ဗုံးသီးဟောင်းတလုံး ရေတိုက်စားမှုကြောင့်တွေ့ရှိ

ရေတိုက်စားမှုကြောင့် လေယာဉ်တင်ဗုံးသီးဟောင်းတလုံးကို ဟိုပင်မြို့မမြောက်ရပ်ကွက် သရက်ချောင်း သံလမ်းတံတားအောက် ကိုက် ၅၀ ခန့်ကွာ ရေမြောင်းမှာ စက်တင်ဘာ ၁၂ ရက် မနက် ၇ နာရီက တွေ့ရှိခဲ့တယ်လို့ ဟိုပင်နယ်မြေရဲစခန်းက သတင်းရရှိပါတယ်။ အဆိုပါအချိန်က အမည်မသိ ငါးရှာတဲ့ ကလေးတွေက ဗုံးသီးလို့ ယူဆရတဲ့ အရာတခု တွေ့ရှိတယ်လို့ သတင်းရရှိတာကြောင့် ဟိုပင်မြို့ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းဦးက ရဲစခန်းကို ဖုန်နဲ့ ဆက်သွယ်အကြောင်းကြားခဲ့တဲ့အတွက် ဟိုပင်နယ်မြေ ရဲစခန်းက နယ်ထိန်းအရာရှိ ဒုရဲအုပ်ရှိန်းထက်ဦးနဲ့အဖွဲ့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုးမိုးအောင်၊ ခမရ (၄၀) ဟိုပင်မြို့မှ ဗိုလ်မှူးသက်ထူးစံနဲ့ အဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သွားရောက်စစ်းဆေးရာ အရှည် ၄ ပေခန့်၊ လုံးပတ် ၃ ပေခန့်၊ အလေးချိန်ပေါင် ၁၀၀၀ ခန့်ရှိပြီး ပေါက်ကွဲမှု မရှိသေးတဲ့ လေယာဉ်တင်ဗုံးသီးဟောင်းတလုံး ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ အဆိုပါနေရာကို ပြည်သူတွေ လာရောက်မှု မရှိစေရေး ခမရ (၄၀) မှ တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး စောင့်ကြပ်နေကြောင်း၊ ဝန်ကြီးချုပ် ခရီးစဉ်ရှိနေတဲ့အတွက် နောက်ဆက်တွဲသတင်းကို မသိရသေးဘူလို့ ဟိုပင်မြို့ခံ ကိုမိုးဟိန်းက ပြောပါတယ်။ အဆိုပါဗုံးသီးကို အမြန်ဆုံး ရှင်းလင်းနိုင်ရေးအတွက် ခမရ (၄၀) မှ ဗိုလ်မှူးသက်ထူးစံက စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း (မြစ်ကြီးနား)ကို ဆက်သွယ် အကြောင်းကြားထားတယ်လို့ သတင်းရရှိပါတယ်။ သတင်း - ခင်သန်းညွန့်
6 years Ago
Up