လေယာဉ်ဆင်းသက်ရပ်နားစဉ်

February 12, 2018

လေယာဉ်ဆင်းသက်ရပ်နားစဉ် အရေးပေါ်တံခါးပြုတ်ကျ၍ ခရီးသည်များ ထိတ်လန့် (ရုပ်သံ)

နိုင်ဂျီးရီးယား လေကြောင်းလိုင်းတခုဖြစ်တဲ့ ဒါနာလေကြောင်းလိုင်း လေယာဉ်တစီး ဆင်းသက်ရပ်နားစဉ် လေယာဉ်ရဲ့ အရေးပေါ်တံခါး ပြုတ်ကျခဲ့တဲ့အတွက် ခရီးသည်တွေ အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။ ဖေဖော်ဝါရီ ၇ ရက်နေ့က နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့ကနေ အဘူဂျာမြို့ကို ပျံသန်းတဲ့ လေယာဉ် ဆင်းသက်ရပ်နားစဉ် မမျှော်လင့်ဘဲ အရေးပေါ်တံခါး ပြုတ်ကျခဲ့လို့ ခရီးသည်တွေ မယုံကြည်နိုင်အောင် ဖြစ်နေပြီး တဦးနဲ့တဦး အထိတ်တလန့် ကြည့်နေကြတာကို ရုပ်သံထဲမှာ မြင်ရပါတယ်။ ခရီးသည်တချို့က ဘာဖြစ်သလဲဆိုပြီး ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်နေကြသလို တချို့ခရီးသည်တွေကလည်း လေယာဉ်တံခါးနားက ထွက်သွားကြပါတယ်။ ခရီးသည်တဦးဖြစ်တဲ့ ဒေါက်တာ အိုလာအိုရီကွန်ရာက လေယာဉ်ခရီးစဉ် တလျှောက်လုံး အရေးပေါ်တံခါးပေါက်က မငြိမ်ဘူးလို့ တွစ်တာပေါ်မှာ ရေးလိုက်ပြီး ဒါနာလေကြောင်းလိုင်းကတော့ ခရီးသည်တယောက်ယောက် တံခါးကိုဖွင့်ဖို့ မကြိုးစားဘဲ တံခါးပြုတ်ကျမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ လာဂို့စ်မြို့က ခရီးသည် ဒါပိုဆန်ဝိုစ်က “လေယာဉ်ကြမ်းခင်းက တုန်ခါနေလို့ လေယာဉ်က ဆူညံနေတာပဲ။ အရေးပေါ်တံခါးချက်က ချောင်နေပြီး ပြုတ်ကျသွားတာကို ကျနော် သတိထားမိတယ်” လို့ ဘီဘီစီသတင်းဌာနကို ပြောပါတယ်။ “လေယာဉ်ဆင်းတော့ လေယာဉ်က ရပ်ရမယ့်နေရာကနေ ပြောင်းပြန် ဖြည်းဖြည်းမောင်းနေတယ်။ ဝုန်းကနဲအသံကြီး ကြားလိုက်ပြီးနောက် လေစီးကြောင်းနဲ့ ဆူညံသံတွေ ကြားရတော့တာပဲ။ တော်တော်ကို ဆိုးဆိုးရွားရွားပဲ။ လေယာဉ်ဝန်ထမ်းက ခရီးသည်တယောက် တံခါးဂျက်ကို ဆွဲလိုက်တယ်လို့ ပြောခဲ့ပေမယ့် ခရီးသည်အားလုံးက မလုပ်ဘူးလို့ ငြင်းကြတယ်” လို့ ဒါပိုဆန်ဝိုစ်က ဆက်ပြောပါတယ်။ နောက်ခရီးသည်တဦးက လေယာဉ်မထွက်ခင်ကတည်းက တံခါးကို သေချာ ချက်မချထားတာကို သတိပြုမိလို့ လေယာဉ်မယ်ကို ပြောပေမယ့် လေယာဉ်မယ်က တံခါးက အသေသော့ခတ်ထားတာလို့ ပြန်ပြောကြောင်း စီအန်အန်သတင်းဌာနကို ပြောပါတယ်။ ဒါနာလေကြောင်းလိုင်းကတော့ “ခရီးသည်တယောက်က သိသိကြီးနဲ့ မဖွင့်ခဲ့ရင် တံခါးပြုတ်ကျတာမျိုး ဘယ်တော့မှ ဖြစ်စရာ အကြောင်းမရှိဘူး။ လေယာဉ်ရဲ့ အရေးပေါ်ထွက်ပေါက်က ဖိအားနဲ့ အထောက်အကူပြုထားတဲ့ အဆို့ပုံစံမျိုး၊ အဲဒီအပေါက်မျိုးက ခရီးသည် ဒါမှမဟုတ် လေယာဉ်ဝန်ထမ်း တဦးဦးက မဖွင့်ဘဲ တံခါးမပြုတ်ကျနိုင်ဘူး” လို့ ပြောပါတယ်။ “ဘာပဲဖြစ်ဖြစ် လေယာဉ် အဘူဂျာမြို့မှာ ဆင်းသက်ပြီး ကျနော်တို့ လေကြောင်းလိုင်းရဲ့ အင်ဂျင်နီယာတွေနဲ့ နိုက်ဂျီးရီးယား လေကြောင်းအာဏာပိုင်အဖွဲ့ (အန်စီအေအေ) တို့ စုံစမ်းမှုတွေ လုပ်ခဲ့တယ်။ ဘာပြဿနာမှမရှိဘူး၊ လုံခြုံမှုကို ခြိမ်းခြောက်တဲ့အန္တရာယ်လည်း မရှိဘူး” လို့ လေကြောင်းလိုင်းက ပြောကြောင်း မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
4 years Ago
Up