လေယာဉ်စက်ချို့ယွင်းသဖြင့်

November 12, 2017

လေယာဉ်စက်ချို့ယွင်းသဖြင့် မြေပေါ်ခေါင်းစိုက်ရပ်နားခဲ့သည့် လေယာဉ်မှူးကို ချီးကျူး (ရုပ်သံ)

မြေပြင်ပေါ်ဆင်းသက်နိုင်မယ့် ဂီယာ ချို့ယွင်းသွားပေမယ့် ခရီးသည်တွေပါတဲ့ ဖလိုင်းဘီဂျက်လေယာဉ်ကို လေဆိပ်အတွင်း ဆင်းသက်နိုင်အောင် လေယာဉ်မောင်းတဦးက နိုဝင်ဘာလ ၁၀ ရက်နေ့မှာ စီမံနိုင်ခဲ့တယ်လို့ သိရပါတယ်။ ခရီးသည် ၅၂ ဦးနဲ့ လေယာဉ်ဝန်ထမ်း ၄ ဦး ပါဝင်တဲ့ လေယာဉ်အမှတ် ကျူ ၄၀၀ က အိုင်ယာလန်နိုင်ငံ မြောက်ပိုင်းရဲ့ မြို့တော် ဘယ်လ်ဖက်စ် လေဆိပ် ပြေးလမ်းမှာ ဘီးချော်ခဲ့တယ်လို့ သိရပါတယ်။ လေယာဉ် ထွက်ခွာပြီးချင်း လေယာဉ်ဦးပိုင်းရဲ့ ဂီယာချို့ယွင်းတာကို သိရှိပြီးတဲ့နောက် လေယာဉ်မှူးက အရေးပေါ်အခြေအနေ ကြေညာခဲ့တယ်လို့ ဆိုပါတယ်။ လေယာဉ်မှူးက စက်ချို့ယွင်းမှုကို ပြင်ဆင်ဖို့ ကြိုးစားရင်း စတော့တလန်နိုင်ငံ အင်ဗာနက်စ်မြို့ကို ပျံသန်းမယ့်လေယာဉ်က အိုင်ယာလန်မြောက်ပိုင်း လေကြောင်းပိုင်နက်ထဲမှာ ၂ နာရီကြာအောင် လှည့်ပတ်ပျံသန်းနေရသလို လေယာဉ်ဆီလည်း ပြတ်တောက်ခဲ့ပါတယ်။ မြေပြင်ပေါ် ဆင်းသက်မယ့် ဂီယာက အလုပ်မလုပ်ပေမယ့် လေယာဉ်မှူးက လေယာဉ်ကို အရေးပေါ် ဆင်းသက်နိုင်ခဲ့ပြီး လေယာဉ်ပြေးလမ်းပေါ်မှာ လေယာဉ်ဦးစိုက် ရပ်နားလိုက်ရတဲ့ မြင်ကွင်းကို ရုပ်သံထဲ မြင်ရပါတယ်။ လေယာဉ်အောင်မြင်စွာ ဆင်းသက်ပြီးနောက် ခရီးသည်တဦး လက်မှာ ဒဏ်ရာ အနည်းငယ် ရတာကလွဲရင် ခရီးသည်တွေ ထိခိုက်ဒဏ်ရာ မရရှိဘူးလို့ သိရပါတယ်။ လေယာဉ်ပေါ် ခရီးသည်အားလုံး အန္တရာယ်ကင်းလို့ ဘယ်လ်ဖက်စ်လေဆိပ်က စစ်ဆင်ရေး ဒါရိုက်တာတွေနဲ့ လေကြောင်းပျံသန်းရေးဆိုင်ရာ ကျွမ်းကျင်သူတွေက လေယာဉ်မှူးကို ချီးကျူးဂုဏ်ပြုလိုက်တယ်လို့လည်း သိရပါတယ်။ “အင်မတန်တော်တဲ့ လေယာဉ်ဆင်းသက်မှုပါ။ လေယာဉ်ပျံသန်းတဲ့ ကျွမ်းကျင်မှုနဲ့ လေယာဉ်ကိုလေဆိပ်မှာ ဆင်းသက်တာက အရမ်းကို တော်ပါတယ်” လို့ လေဆိပ်ရဲ့ စစ်ဆင်ရေးဒါရိုက်တာ အလန်ဝိုက်ဆိုက်က ပြောပါတယ်။ လေယာဉ်ကို ဘေးကင်းရာ ရွှေ့ပြောင်းရေး ချက်ခြင်းကူညီနိုင်ဖို့ မီးသတ်သမားတွေလည်း အခင်းဖြစ်ရာနေရာမှာ ရှိတယ်လို့ သူက ပြောပါတယ်။ ဖလိုင်းဘီလေကြောင်းလိုင်းက ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်းတွေရဲ့ ကိုယ် စိတ်ကျန်းမာရေးကို သူတို့အနေနဲ့ အဓိကထား စိုးရိမ်ပူပန်ကြောင်း၊ အရေးပေါ်လုပ်ငန်းစဉ်အပြည့်အစုံကို လုပ်နေကြောင်းနဲ့ အခင်းဖြစ်မှုအတွက် စုံစမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောကြောင်း သည်ဆန်းသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
4 years Ago
Up