အမေရိကန်နိုင်ငံမှာ လေယာဉ်ငယ် ၂ စင်းဟာ လေထုထဲ ပျံသန်းနေချိန် ကြောက်မက်ဖွယ် တိုက်မိခဲ့ပြီး မီးလောင်ပျက်ကျခဲ့လို့ အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ရပါတယ်။
ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက် ညနေ ၅း၃၀ နာရီက တက္ကဆက်စ်ပြည်နယ်၊ မက္ကန်နီမြို့အပေါ် ဖြတ်သန်းချိန်မှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အဲဒီလေယာဉ်ငယ် ၂ စင်းဟာ တိုက်မိခဲ့ပြီးနောက်မှာ လူသူရှုပ်ထွေးတဲ့ ဧရိယာပေါ်ကို မီးလောင်ပျက်ကျခဲ့တာပါ။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မီးခိုးလုံးတွေနဲ့အတူ မီးလောင်နေတဲ့ ပုံတွေကို တွေ့ရပါတယ်။
မက္ကန်နီရဲတွေကတော့ ဒီမတော်တဆမှုမှာ အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ရတယ်လို့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် သတင်းထုတ်ပြန်ခဲ့တာပါ။
လက်ရှိမှာတော့ သေဆုံးခဲ့သူတွေရဲ့အမည်ကို မသိနိုင်သေးဘဲ သူတို့ဟာ လေယာဉ်မောင်းသူတွေလား၊ ကျန်တဲ့သူတွေလား ဆိုတာကို အတိအကျ မထုတ်ပြန်နိုင်သေးဘူးလို့ ဆိုပါတယ်။
မျက်မြင်တွေ့ရှိသူတွေက ဒီအဖြစ်အပျက် ရုပ်သံဖိုင်ကို ရိုက်ယူထားနိုင်ခဲ့ပြီး လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှတဆင့် မျှဝေခဲ့ချိန်မှာတော့ ဒါဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေခဲ့ပါတယ်။
အသက် ၁၉ နှစ်အရွယ် မျက်မြင်တွေ့ရှိသူ ကဲလက်ဘ် တွစ်ချယ်လ်က “လေယာဉ် ၂ စီးတိုက်တာဟာ တကယ့်ရုပ်ရှင်ထဲကလိုပဲ။ တကယ့်ကို ဆိုးလွန်းတယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို ရှာဖွေနေဆဲဖြစ်ပြီး မက္ကန်နီမြို့တော်ဝန် ဘရိုင်ယန်လောက်မေလာက ဒီအဖြစ်အပျက်မှာ သေဆုံးရသူတွေအတွက် ဝမ်းနည်းကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
“ဒီလေယာဉ်မတော်တဆ ပျက်ကျမှုမှာ ပါဝင်ခဲ့သူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းမိပါတယ်” လို့ သူက ပြောခဲ့ပါတယ်။
6 years Ago