လေယာဉ်ခရီးစဉ် ကြန့်ကြာမည့်အကြောင်းပြောသည့် ဝန်ထမ်းအား ခရီးသည် ၂ ဦးက ထိုးကြိတ်

February 14, 2017

လေယာဉ်ခရီးစဉ် ကြန့်ကြာမည့်အကြောင်းပြောသည့် ဝန်ထမ်းအား ခရီးသည် ၂ ဦး ထိုးကြိတ် (ရုပ်သံ)

လေယာဉ်ခရီးစဉ်ကြန့်ကြာမယ့်အကြောင်း ပြောခဲ့တဲ့ ဝန်ထမ်းအမျိုးသားတဦးကို ခရီးသည် အမျိုးသား ၂ ဦးက ထိုးကြိတ်တိုက်ခိုက်ခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ၊ ကူမင်းမြို့၊ ချန်ရွှီး အပြည်ပြည်ဆိုင်ရာလေဆိပ်ထဲမှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ လေဆိပ်စစ်ဆေးရေး ဂိတ်အဝင်ဝအနီးမှာ ဝရုန်းသုန်းကား တိုက်ခိုက်ခဲ့ကြတာကို တွေ့ရပြီး မျက်မြင်တွေ့ရှိသူတွေက လက်ကိုင်ဖုန်းတွေနဲ့ မှတ်တမ်းတင် ရိုက်ယူထားခဲ့ကြတာပါ။ မျက်မြင်သက်သေတွေရဲ့ အဆိုအရ အဲဒီခရီးသည်အမျိုးသား ၂ ဦးဟာ လေဆိပ်တွင်း အလုပ်သမားတချို့နဲ့ စတင်ပြီး ကတောက်ကဆ ဖြစ်ခဲ့ကြတာလို့ ဆိုပါတယ်။ ဆိုးရွားလွန်းတဲ့ ရာသီဥတုကြောင့် ကောင်းကောင်းမမြင်နိုင်တဲ့အတွက် အန္တရာယ်ရှိနိုင်တာမို့ လေကြောင်းခရီးစဉ်ကို ရွှေ့ဆိုင်းရမယ်လို့ ဝန်ထမ်းကပြောချိန်မှာ စိတ်ဆိုး ဒေါသထွက်ပြီး တိုက်ခိုက်ခဲ့ကြတာပါ။ မျက်မြင်သက်သေတွေရဲ့ အဆိုအရ အဲဒီခရီးသည် ၂ ဦးထဲက တဦးမှာ သွေးတွေ အလွန်အမင်း ထွက်နေခဲ့ပြီး ဦးခေါင်းမှာလည်း ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရရှိထားတယ်လို့ ဆိုပါတယ်။ လေဆိပ်သတင်းထုတ်ပြန်ချက်မှာတော့ လေယာဉ်ခရီးစဉ် ရွှေ့ဆိုင်းခဲ့ရတာကို အတည်ပြုပြောကြားခဲ့ပြီး အဲဒီ ခရီးသည် ၂ ဦးဟာ အခင်းဖြစ်ချိန်မှာ အရက်တွေ အလွန်အကျွံ သောက်သုံးထားခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။ လက်ရှိမှာတော့ ရဲတွေက လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up