လေယာဉ်ခရီးစဉ်

February 28, 2019

ဥရောပကို ပြေးဆွဲသည့် ထိုင်းလေကြောင်းလိုင်းများ ရပ်ဆိုင်း

ပါကစ္စတန်နိုင်ငံက သူ့ရဲ့ လေပိုင်နက်ထဲမှာ လေကြောင်းပျံသန်းမှုတွေကို ပိတ်ထားလို့ ထိုင်းနိုင်ငံကနေ ဥရောပကို ပျံသန်းမယ့် ထိုင်းနိုင်ငံတကာ လေကြောင်းခရီးစဉ်တွေ အားလုံးကို ဖျက်သိမ်းခဲ့ရပြီး ခရီးသည်တွေ လေဆိပ်မှာ သောင်တင်နေပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်ကနေ မော်စကို၊ ပဲရစ်၊ လန်ဒန်၊ အော်စလို၊ ကိုပင်ဟေဂင်၊ ရောမ စတဲ့မြို့တွေကို ပျံသန်းမယ့် ခရီးစဉ်နဲ့ ဖူးခက်ကနေ ဂျာမနီနိုင်ငံ ဖရန့်ဖတ်ကို ပျံသန်းမယ့် လေယာဉ်ခရီးစဉ်အပြင် ဇူးရစ်ကိုပျံသန်းမယ့် ဆွစ်အဲယားလိုင်း လေယာဉ်ခရီးစဉ်လည်း ဖျက်သိမ်းထားခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ အိန္ဒိယလေတပ်က တိုက်လေယာဉ်တွေ ပါကစ္စတန်နိုင်ငံထဲ ကျူးကျော်ဝင်ရောက် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ပါကစ္စတန်က ခုလို လေယာဉ်တွေ ဖြတ်သန်းသွားလာခွင့် ပိတ်ထားလိုက်တာဖြစ်ပြီး အိန္ဒိယအစိုးရကလည်း နိုင်ငံမြောက်ပိုင်းက သူ့ရဲ့ လေကြောင်းပိုင်နက်ကို ပိတ်ထားလိုက်ပါတယ်။ ခုလို ပိတ်ပင်လိုက်တာကြောင့် ထိုင်းနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ၊ တောင်အာရှဒေသရှိ နိုင်ငံတွေရဲ့ နိုင်ငံတကာလေဆိပ်တွေမှလည်း လေကြောင်းပျံသန်းမှုတွေ ထိခိုက်ခဲ့ရပါတယ်။
2 years Ago

November 1, 2018

ရန်ကုန်- မီလန် တိုက်ရိုက်လေယာဉ်ခရီးစဉ် ပထမဆုံးအကြိမ်စတင်ပြေးဆွဲ

မြန်မာ့ခရီးသွားလုပ်ငန်းတိုးတက်ဖို့နဲ့ မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည်တွေ ပိုမိုလာရောက်လည်ပတ်ဖို့ရည်ရွယ်ပြီး  Neos Airline က ရန်ကုန်- မီလန် စင်းလုံးငှားလေယာဉ် ခရီးစဉ်ကို အောက်တိုဘာ ၃၁ ရက်က စတင်ပြေးဆွဲပါတယ်။ မီလန်အခြေစိုက် Neos Spa အီတလီလေကြောင်းလိုင်းရဲ့ခရီးသည်တင်လေယာဉ် ဘိုးရင်း ၇၆၇ ဟာ ဥရောပကနေ တိုက်ရိုက်ပျံသန်းတဲ့လေယာဉ်ဖြစ်ပြီး မြန်မာနဲ့ အီတလီနိုင်ငံအကြား ပထမဆုံး ပထမဆုံးပြေးဆွဲတဲ့ လေကြောင်းခရီးစဉ်လည်းဖြစ်ပါတယ်။ ဥရောပကနေ မြန်မာပြည်ကို တိုက်ရိုက်လေကြောင်းလိုင်းတခု တိုးချဲ့ပျံသန်းတဲ့ Neos Spa အီတလီလေကြောင်းလိုင်းဟာ  ရန်ကုန်-မီလန်ခရီးစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ပြေးဆွဲမှာဖြစ်ပြီး ဗီယက်နမ်၊ ဟိုချီမင်းမြို့ Phu Quoc ကမ်းခြေလေဆိပ်မှာ ခရီးတထောက်နားကာ ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်တာဖြစ်ပါတယ်။ မနေ့ညနေ ၃နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆိုက်ရောက်လာတာတဲ့ လေယာဉ်ခရီးစဉ်မှာ အီတလီနိုင်ငံက လာရောက်လည်ပတ်တဲ့ ခရီးသည် ၃၅ ဦးလိုက်ပါလာပြီး မြန်မာနိုင်ငံမှာ ၅ ရက်ကြာ လည်ပတ်မှာ ဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေ အများစုစိတ်ဝင်စားတဲ့ ပုဂံ၊ မန္တလေးနဲ့ ကယားပြည်နယ် လွိုင်ကော် စတဲ့ ထင်ရှားတဲ့ နေရာတွေကို သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ ခရီးစဉ်ဆုံးရင်တော့ ရန်ကုန်ကနေ မီလန်ကို တိုက်ရိုက်ပျံသန်းမှာဖြစ်ပြီး လေယာဉ်ပျံသန်းချိန် ၁၂ နာရီလောက် ကြာမြင့်မယ်လို့သိရပါတယ်။
2 years Ago
More News
Up