လေယာဉ်ကွင်းနေရာမှ ဖယ်ရှားခိုင်း၍ အိမ်ထောင်စု ၂၀ ကျော် အခက်ကြုံ

July 29, 2018

လေယာဉ်ကွင်းနေရာမှ ဖယ်ရှားခိုင်း၍ အိမ်ထောင်စု ၂၀ ကျော် အခက်ကြုံ

လေယာဉ်ကွင်းမြေယာနေရာမှာ စိုက်ပျိုးရေးလုပ်ကိုင်နေထိုင်သူ အိမ်ထောင်စု ၂၀ ကျော်ဟာ လတ်တလောမှာ ဖယ်ရှားပေးဖို့ အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်တော်သာရပ်ကွက် စစ်တွေလေယာဉ်ကွင်းပိုင်းမြေ အတွင်းဝင်ရောက်နေထိုင်ပြီး စိုက်ပျိုးရေးလုပ်ကိုင်စားသောက်နေ ထိုင်ကြတဲ့ အိမ်ထောင်စု ၂၀ ကျော်ကို ပြည်နယ်အစိုးရညွှန်ကြားချက်နဲ့ လေကြောင်း ပို့ဆောင်ဦးစီးဌာနက ဖယ်ခိုင်းနေတာပါ။ အဲ့ဒီမှာနေထိုင်ကြတဲ့ သူတွေကတော့ တနှစ်တခါ စာချုပ်နဲ့ ဌားရမ်းနေထိုင်ကြတာဖြစ်ပြီး လာမယ့် ၁၂ လပိုင်းကုန်လောက်မှာ ဌားရမ်းထားတာ ကုန်ဆုံးမယ်လို့ဆိုပါတယ်။ အခုလို မိုးရာသီမှာ ချက်ချင်းဖယ်ရှားဖို့ ခိုင်းတဲ့အတွက် နေရာအခက်အခဲဖြစ်တယ်လို့ ဖယ်ရှားခံရသူတွေကပြောပါတယ်။ အဲ့ဒီလေယာဉ်ကွင်းခြံဝန်းအတွင်းမှာ နေထိုင်ကြတဲ့သူတွေကို လေကြောင်းပို့ဆောင် ညွှန်ကြားရေးဦးစီးဌာနက ဇူလိုင်၂၀ ရက်နေ့ နောက်ဆုံးဖယ်ရှားခိုင်းခဲ့တာပါ။ အဲ့ဒီမှာအိမ်စု၂၀ ကျော်ရှိနေပြီး ကျောင်းသူကျောင်းသား၂၄ ဦး ရှိပါတယ်။ ဒါပေမယ့် လေယာဉ်ကွင်းအတွင်းမှာစိုက်ပျိုးရေးခြံတွေစိုက်ပြီးနေထိုင်သူတွေကတော့ ကျူးကျော်နေထိုင်တာမဟုတ်ဘဲ တနှစ်ကို ၆ သောင်းပေးပြီး ဌားရမ်းနေထိုင်တာလို့ ဖယ်ရှားခံရသူတွေကပြောပါတယ်။ လေဆိပ်ပိုင်မြေနေရာကိုစိုက်ပျိုးရေး လုပ်ကိုင်နေထိုင်ကြသူတွေကတော့ ဒီမိုးရာသီ အကုန်အထိ နေထိုင်ခွင့်ရဖို့ ဝန်ကြီးချုပ်ထံကို တင်ပြထားတယ်လို့ဆိုပါတယ်။ အခုလိုတနှစ်စာချုပ်ကို အခကြေးငွေယူထားပြီးမှဖယ်ရှားဖို့ ညွှန်ကြားထားတာနဲ့ ပတ်သက်လို့ လေကြောင်း ပို့ဆောင်ဦးစီးဌာန လေဆိပ်တာဝန်ခံ မန်နေဂျာဦးကျော်စိုးကို မေးမြန်ရာမှာတော့ အဲ့ဒီကိစ္စတွေဟာ အရင်က တာဝန်ထမ်းခဲ့သူတွေနဲ့ စိုက်ပျိုးရေး သမားတွေအကြား ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် အခုကိစ္စနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေကို ဖြေနိုင်မယ်ဆိုတာကလည်း သူအနေနဲ့ ခွင့်ပြုချက်ရမှသာ ဖြေဆိုရမယ်လို့ လေဆိပ်တာဝန်ခံမန်နေဂျာဦးကျော်စိုးက ပြောပါတယ်။
5 years Ago
Up