တရုတ်နှစ်သစ်ကူး အားလပ်ရက်မှာ ခရီးထွက်တဲ့သူတွေကြောင့် ဘူတာရုံတွေ ပြည့်ကြပ်နေတဲ့အချိန် ဂွမ်ကျိုးက နေအိမ်ကို ပြန်မယ့် ခရီးသည် ဇောင်ကတော့ လေယာဉ်ကို တဦးတည်း စီးခွင့်ရခဲ့ပါတယ်။
ဂွမ်ကျိုးက ဘူတာရုံမှာ လူပေါင်း ၁ သိန်းနီးပါးအထိ ပြည့်ကြပ်နေခဲ့တဲ့အချိန်မှာ ၀ူဟမ်မှာလည်း လေယာဉ်ခရီးစဉ်တွေ နှောင့်နှေးကြန့်ကြာမှုတွေ ရှိခဲ့ပါတယ်။
ဒီအထဲမှာ ဂွမ်ကျိုးကို သွားရောက်မယ့် ဇောင်ရဲ့လေယာဉ် CZ 2833 လည်း နှောင့်နှေးနေခဲ့ပါတယ်။
လေယာဉ်တွေ နှောင့်နှေးနေတဲ့အတွက် ဒီလေယာဉ်မှာ လိုက်ပါစီးနင်းမယ့် ခရီးသည်တွေကို အချိန်စောပြီးထွက်တဲ့ လေယာဉ်တွေနဲ့ သွားရောက်နိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။
ဇောင်ကတော့ သွားရောက်ခဲ့ခြင်းမရှိဘဲ စောင့်ဆိုင်းနေတဲ့အတွက် တဦးတည်း လေယာဉ်စီးနင်းခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ဒီလို လေယာဉ်ကို တဦးတည်းစီးနင်းခွင့်ရတဲ့ အခွင့်အရေးအပေါ် ပျော်ရွှင်မိသလို နာမည်ကြီးတဦးလို ခံစားရတယ်လို့ တရုတ်ရဲ့ မိုက်ခရိုဘလော့ဂ် ဝေဘိုမှာ ရေးပါတယ်။
လေယာဉ်ပေါ်မှာ လေယာဉ်မှူးနဲ့ လေယာဉ်မယ်တွေရဲ့ ၀န်ဆောင်မှုနဲ့ ဂရုစိုက်တာကို ရရှိတယ်လို့လည်း ဆိုပါတယ်။
သူ့ရဲ့ရေးသားမှုကို လူအတော်များများ ကြိုက်နှစ်သက်ခဲ့သလို တချို့က အပြုသဘောဆောင်တဲ့ မှတ်ချက်တွေ ရေးသားခဲ့ပါတယ်။
တချို့ကတော့ တဦးတည်း ပေးစီးတဲ့အတွက် လေယာဉ်ကြောင်းလိုင်းက ဖြုန်းတီးမှုတခု ဖြစ်တယ်လို့လည်း ဝေဖန် ရေးသားပါတယ်။
5 years Ago