လေဒီဘွိုင်း

June 5, 2017

လေဒီဘွိုင်းပြည့်တန်ဆာနှင့် ပျော်ပါးပြီး ဟိုတယ်ဝရန်တာမှ ဝစ်လစ်စလစ်ဖြင့် ပြုတ်ကျခဲ့သည့် အမျိုးသား (ရုပ်သံ)

ထိုင်းနိုင်ငံမှာ အလည်အပတ်ရောက်ရှိနေတဲ့ ဗြိတိန်နိုင်ငံသား အမျိုးသားတဦးဟာ လေဒီဘွိုင်း ပြည့်တန်ဆာတဦးနဲ့ ပျော်ပါးခဲ့ပြီးနောက်မှာ ဟိုတယ်အခန်း ဝရန်တာကနေ ဝစ်လစ်စလစ်နဲ့ ပြုတ်ကျခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဇွန်လ ၃ ရက်နေ့က ဖော်ပြပါတယ်။ အသက် ၄၀ အရွယ်လောက်ရှိမယ့် အဲဒီအမျိုးသားကို မနက်အစောပိုင်း ၅ နာရီလောက်မှာ ထိခိုက်ဒဏ်ရာတွေနဲ့အတူ ကိုယ်လုံးတီးအခြေအနေနဲ့ တွေ့ရှိခဲ့ရပြီး ဘန်ဂလာမန်ဆေးရုံကို ပို့ဆောင်ထားခဲ့ရတယ်လို့ ရဲတွေက ပြောပါတယ်။ သူဟာ အသက် ၃၅ နှစ်အရွယ် ဆီတိပွန် မန်နီခက် အမည်ရတဲ့ ထိုင်းလေဒီဘွိုင်း ပြည့်တန်ဆာတဦးနဲ့ ပျော်ပါးခဲ့တာပါ။ ဒါပေမယ့် သူတို့ကြား အချင်းများခဲ့ကြတဲ့ လက္ခဏာ တစုံတရာ မတွေ့ရှိခဲ့ရဘဲ အခန်းတွင်းမှာ စီးကရက်တွေနဲ့ သုံးပြီးသား ကွန်ဒုံးတွေသာ တွေ့ခဲ့ရတယ်လို့ ရဲတွေက ပြောပါတယ်။ ဒီပုံတွေဟာ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပြီး အဲဒီနိုင်ငံခြားသားဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ရဲတွေက မပြောနိုင်သေးတဲ့အပေါ် ဝေဖန်မှုတွေ ရှိနေတာပါ။ ရဲအရာရှိချုပ် ဆွတ်ခ်ချိုင် ဂျန်လာက “ကျနော်တို့ သူဘယ်သူဖြစ်တယ်ဆိုတာကို အတိအကျတော့ မပြောနိုင်သေးပါဘူး။ သူ့ရဲ့ နိုင်ငံကူးလက်မှတ်ဟာ မီးခံသေတ္တာထဲမှာရှိနေပြီး ကျနော်တို့ ဖွင့်ဖို့ ကြိုးစားပေမယ့် ဖွင့်လို့မရဘူး ဖြစ်နေတာပါ” လို့ ပြောပါတယ်။ သူနဲ့ပျော်ပါးခဲ့တဲ့ လေဒီဘွိုင်းပြည့်တန်ဆာကတော့ အဲဒီအမျိုးသားဟာ ဗြိတိန်နိုင်ငံသားတဦးဖြစ်ပြီး အခင်းမဖြစ်ခင်မှာလည်း ဘာပြဿနာမှမရှိခဲ့ဘဲ ဆက်ဆံရေးအခြေအနေ ကောင်းမွန်ခဲ့တယ်လို့ ပြောပါတယ်။ သူ့အနေနဲ့ အခန်းတွင်းမှာ ရှိနေခဲ့ပြီး ဘယ်လိုပြုတ်ကျခဲ့တယ်ဆိုတာကို တွေးလို့မရဘူးလို့ ဆိုပါတယ်။ သူ့ရဲ့ဦးခေါင်းမှာ သွေးထွက်ထိခိုက်ဒဏ်ရာ တွေ့ရပေမယ့် ဒါဟာ သေလောက်တဲ့ဒဏ်ရာတော့ မဟုတ်ဘူးလို့ ရဲအရာရှိချုပ် ဆွတ်ခ်ချိုင် ဂျန်လာက ပြောပါတယ်။ လက်ရှိမှာတော့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အဲဒီအမျိုးသား ပြန်လည်သက်သာလာချိန်မှာ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို ဆက်လက်စုံစမ်းသွားမှာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up