လေထဲပေါက်ကွဲလွင့်စင်

April 7, 2017

ဓားပြများက ဘဏ်ကားကို ဖောက်ခွဲလုယက်၊ ကားကြီး လေထဲပေါက်ကွဲလွင့်စင် (ရုပ်သံ)

ငွေအပြည့်တင် မောင်းနှင်လာတဲ့ ဘဏ်ကားကို လက်နက်ကိုင်ဓားပြအုပ်စုက ဖောက်ခွဲပြီး ဓားပြတိုက်မှု တောင်အာဖရိက ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ မော်တော်ယာဉ်အသွားအလာရှုပ်ထွေးနေတဲ့ ကားလမ်းမပေါ်မှာ ဖြစ်ပွားခဲ့ပါတယ်။ ဒီဓားပြတိုက်မှု ဧပြီလ ၁ ရက်နေ့က ဖြစ်ခဲ့ပြီး ဘဏ်ကားပေါက်ကွဲလွင့်စင်ထွက်သွားတဲ့ မြင်ကွင်းကို ကားလမ်းပေါ်က ယာဉ်မောင်းတစ်ဦးက ကင်မရာနဲ့ ဖမ်းယူရိုက်ကူးထားတာပါ။ ဓားပြတွေက ကားကို အတင်းရပ် ကားဘီးတာယာတစ်ခုကို ဖောက်ခွဲပစ်ခတ်ပြီး ဘဏ်ကား ပေါက်ကွဲလွှင့်စင်ထွက်သွားအောင် သေချာကြိုတင်စီစဉ်ခဲ့ကြတာပါ။ ရုပ်သံထဲမှာ ကားက လမ်းမပေါ်မှာ ပေါက်ကွဲပြီး ပျံတက်သွားတာကို မြင်ရမှာပါ။ ကားက ပေါက်ကွဲထွက်လာတဲ့ သံတိုသံစတွေ လေထဲပျံတက်လာချိန်မှာ ဘဏ်ကားယာဉ်မောင်း ယာဉ်ကြောပိတ်ဆို့နေတဲ့နေရာဆီ ထွက်ပြေးတာကို မြင်ရတာက “စစ်မြေပြင်လိုပဲ” လို့ မျက်မြင်တွေကလည်း ပြောကြပါတယ်။ ဘဏ်ကားရပ်သွားချိန်မှာတော့ ဓားပြတွေက ပေါက်ကွဲမှုအတွင်း မပျက်စီးခဲ့တဲ့ ငွေဘူးထဲက ပမာဏ မခန့်မှန်းနိုင်တဲ့ ပိုက်ဆံတွေကိုယူပြီး ပျက်စီးနေတဲ့ ကားကြားက အတင်းထွက်လာတဲ့ လုံခြုံရေး ၂ ဦးဆီက သေနတ်တွေယူကာ ထွက်ပြေးသွားခဲ့ကြပါတယ်။ ဘဏ်ကားက ငွေလွှဲပြောင်းဖို့ လေဆိပ်ကို သွားစဉ် ဘီအမ်ဒဗလျူကားနဲ့ မာစီးဒီးကားက လမ်းမှာ ကြားဖြတ် တိုက်ခိုက်လုယက်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ဒီကားနှစ်စီးကို စွန့်ပစ်ထားတာတွေ့တယ်လို့ ရေးထားပါတယ်။ လမ်းမပေါ်က လူတစ်ဦး အသေးစားထိခိုက်ဒဏ်ရာရပြီး ဘဏ်ကားလုံခြုံရေး ၂ ဦးကတော့ ဒဏ်ရာမရရှိဘူးလို့ ရဲကပြောပါတယ်။ ဒီဘဏ်ကားဓားပြမှုနဲ့ပတ်သက်ပြီး တစ်ဦးမှ ဖမ်းမမိသေးပဲ ဒီအမှုမှာ လူဘယ်ဦး ပါဝင်တယ်ဆိုတာလည်း မသိရသေးဘူးလို့ မေရာရဲ့ ဧပြီလ ၆ ရက်နေ့သတင်းမှာ ရေးသားထားတာပါ။
4 years Ago
Up