ကျောက်မီးသွေး မီးရှို့မှုက ထွက်လာတဲ့ လေထုညစ်ညမ်းမှုကြောင့် တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းရဲ့ ကောင်းကင်ပြင်မှာ မီးခိုးမြူထူတွေ လွှမ်းခြုံနေတာကို ဒီဇင်ဘာ ၇ ရက်နေ့က တွေ့ရပါတယ်။
ဒီဇင်ဘာ ၇ ရက် မနက်က မြို့တော်တလွှား လေထုထဲမှာ အချင်း ၂ ဒသမ ၅ မိုက်ခရိုမီတာရှိတဲ့ အမှုန်သေး ပါဝင်မှုက အဆင့် ၂၀၀ ကျော်တယ်လို့ ဘေဂျင်း သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးဌာနက ဆိုပါတယ်။
အဆင့် ၃၀၀ ကျော်ရင်တော့ ဒေသခံတွေ အိမ်ခန်းတွင်းမှာပဲနေဖို့ အားပေးတယ်လို့ အစိုးရ လမ်းညွှန်ချက်တွေက ဆိုပါတယ်။
ကျန်ခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က ဘေဂျင်းမြို့ရဲ့ တချို့အစိတ်အပိုင်းတွေမှာ လေထုအရည်အသွေး ညွှန်းကိန်းက ၅၀၀ ကျော်ခဲ့ပြီး ဒီဇင်ဘာ ၁ ရက်မှာတော့ ၆၀၀ ကျော်ခဲ့တယ်လို့ ဘေဂျင်း သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးဌာနရဲ့ တရားဝင် ကိန်းဂဏန်းတွေက ပြသထားပါတယ်။
ဒါပေမယ့် ဒီဇင်ဘာ ၂ ရက်နေ့မှာတော့ ရုတ်တရက် ရှင်းလင်းကြည်လင်ခဲ့တာပါ။
ဒေသခံတချို့ကတော့ လေထုအရည်အသွေး အစွန်းရောက် ပြောင်းလဲမှုနဲ့စာရင် နေ့တိုင်း ကြည်လင်တဲ့ ကောင်းကင်ကို မြင်ရဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။
တရုတ်နိုင်ငံ မြောက်ပိုင်းမှာ ဆောင်းရာသီရောက်လာလို့ မြို့ပြအပူပေးစနစ်တွေ စသုံးနေတဲ့အတွက် ဓာတ်ငွေ့နဲ့ အမှုန်ထုတ်လွှတ်မှု တဖြည်းဖြည်း တိုးလာနေပါတယ်။
လေတိုက်နှုန်းနည်းပါးလို့ ညစ်ညမ်းလေထုကို ပျက်ပြယ်အောင် မလုပ်နိုင် ဖြစ်နေတာပါ။
တရုတ်အစိုးရက လျှပ်စစ်စွမ်းအင် ကဏ္ဍကနေ လေထုညစ်ညမ်းမှုကို ၂၀၂၀ မှာ ၆၀ ရာခိုင်နှုန်း လျှော့ချမယ်လို့ အရင်အပတ်က ကြေညာပါတယ်။
ဒါပေမယ့် သဘာဝပတ်ဝန်းကျင် အရာရှိတွေက အနည်းဆုံး ၂၀၃၀ ထိ အစိုးရ လေထုအရည်အသွေးစံချိန်ကို ရောက်အောင်လုပ်ဖို့ မဖြစ်နိုင်သေးဘူးလို့ ဝန်ခံခဲ့ပါတယ်။
မိုးရွာဖို့ ဟောကိန်းထုတ်ထားလို့ မီးခိုးမြူထူတွေ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ သက်သာလိမ့်မယ်လို့ တရုတ် အမျိုးသား မိုးလေဝသဌာနက ကြေညာထားပါတယ်။
7 years Ago