လေထန် မိုးသည်း ညမှ "အရွေ့"

May 30, 2017

လေထန် မိုးသည်း ညမှ "အရွေ့"

  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ၊ ဒုတိယအစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ခဲ့ပါပြီ။ မေလ ၂၄ ရက်နေ့ကစလို့ ဆွေးနွေးပွဲတွေ ဆက်တိုက်ပြုလုပ်ခဲ့ရာမှာ ဒီကနေ့ ပြည်ထောင်စု လက်မှတ်ရေးထိုးပြီး စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအတွက် ကြီးမားတဲ့ အရွေ့တခုလို့ ဆိုချင်ပါတယ်။ ဒီအရွေ့ဟာ အရေးကြီးပါတယ်။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ စားပွဲဝိုင်းမှာ ဖြေရှင်းကြဖို့ ကြိုးပမ်းအားထုတ်နိုင်ခဲ့ကြတဲ့ သက်သေတခု၊၊ မှတ်ကျောက်တရပ် ဖြစ်လာခဲ့ပါပြီ။ ဒီအရွေ့အတွက် ဖြတ်သန်းလာခဲ့တာတွေ ပြန်ကြည့်ရင် အခက်အခဲတွေ မျိုးစုံ ကျော်ဖြတ်ခဲ့ကြရပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်ကို UPDJC က စိတ်ကူးနဲ့ ပုံဖော်ပြီး မူဘောင် ရေးဆွဲခဲ့ကြပါတယ်။ မူလမူဘောင်ကို ပြန်လည်သုံးသပ်ခဲ့ရာမှာ နိုင်ငံတကာက နိုင်ငံရေးဆွေးနွေးပွဲတွေကို လေ့လာပြီး ဆွေးနွေးခဲ့ကြပါတယ်။ အောက်ခြေက စတဲ့ Bottom Up ပုံစံနဲ့ အပေါ်က စတဲ့ Top Down ပုံစံရှိရာမှာ နှစ်မျိုးစလုံးကို ပေါင်းစပ်ပြီး မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်စေမယ့် Mixed Model ကို ရွေးချယ်ခဲ့ကြပါတယ်။ မူဘောင်၊ Structure ၊ လုပ်ငန်းလမ်းညွှန် ToR နဲ့ စည်းမျဉ်းစည်းကမ်းတွေကို ရေးဆွဲပြီး လက်တွေ့လုပ်ဆောင်တဲ့အခါမှာ ကောင်းတာတွေ ရှိသလို အဆင်မပြေတာတွေလည်း ရှိခဲ့တာပါပဲ။ ဒါပေမယ့် အားလုံးက အကောင်းဆုံး ဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်ပေးခဲ့ကြပါတယ်။ နေပြည်တော် ညီလာခံကို မရောက်ခင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ၊ လုပ်ငန်းကော်မတီ အစည်းအဝေးတွေ၊ UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးတွေနဲ့ UPDJC အစည်းအဝေးတွေ အကြိမ်ကြိမ် လုပ်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ညီလာခံ ဒုတိယအစည်းအဝေးကို ရောက်ရှိလာခဲ့ပါတယ်။ ညီလာခံမှာလည်း ကဏ္ဍအလိုက်၊ အစုအဖွဲ့အလိုက် ဆွေးနွေးပွဲတွေမှာ အကြိတ်အနယ် အကျေအလည် ဆွေးနွေးခဲ့ကြပါတယ်။ UPDJC က တင်လိုက်တဲ့ ၄၁ ချက် (မြေယာက အဓိပ္ပာယ်ဖွင့်ဆိုချက် ၄ ချက် ပေါင်းရင် (၄၅) ချက်ဟာ (၃၇)ချက် (မြေယာအကဏ္ဍ အဓိပ္ပာယ်ဖွင့်ဆိုချက် ၄ ချက်တိုး) (မူလအတိုင်း ဆိုရင် ၃၃ ချက်) သဘောတူညီမှု ရရှိခဲ့ပါတယ်။ UPDJC က တင်လိုက်သမျှ သဘောတူညီချက် မရရှိခဲ့ပါဘူး။ ဒါက ညီလာခံဟာ Rubber Stamp မဟုတ်ဘူး ဆိုတာကို ပြသလိုက်တာပါပဲ။ UPDJC အစည်းအဝေးလုပ်မယ့် မေ ၂၇ ရက်နေ့မှာ မလုပ်ဖြစ်တော့ဘဲ PPST ခေါင်းဆောင်တွေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အကြိတ်အနယ် ဆွေးနွေးခဲ့ရပါတယ်။ မေလ ၂၈ (သို့မဟုတ်) တင်းမာမှုများ အမြင့်ဆုံးအချိန် မေလ ၂၈ ရက်နေ့မှာ UPDJC အစည်းအဝေးကို မနက် ၉ နာရီကနေ ည ၇ နာရီ ၁၅ မိနစ်အထိ ပြုလုပ်ခဲ့ရပါတယ်။ အစည်းအဝေးဟာ အကြိတ်အနယ် အပြင်းအထန် ဆွေးနွေးမှုတွေ ပြည့်နှက်နေခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေး အဖြေရှာကြရာမှာ သဘောထားတွေ တထပ်တည်း ကျမနေတာ သဘာဝပါပဲ။ ဆွေးနွေးညှိနှိုင်းမှုတွေမှာ အချက်တချက်တည်းကို ပြင်းပြင်းထန်ထန် သဘောထား ကွဲလွဲနေတဲ့အခါ ဒီအချက်ကိုပဲ ဆက်ပြီး ဆွေးနွေးကြရင် စိတ်ခံစားမှုတွေ၊ အတိတ်ရဲ့ အရိပ်တွေ ပါဝင်လာပြီး အခြေအနေကို ပိုမိုပြီး ဆိုးရွားသွားနိုင်စေပါတယ်။ ဒီအခါမှာ ဆွေးနွေးညှိနှိုင်းမှုတွေ ခဏရပ်၊ Tea Break ပေးပြီး တင်းမာမှုတွေ လျော့ကျသွားမှ ဆက်ပြီး ဆွေးနွေးကြရပါတယ်။ မနက်ပိုင်းမှာလည်း "ခွဲမထွက်ရေး" နဲ့ "ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်" "ကိုယ်ပိုင်အခြေခံဥပဒေ" သဘောတူညီချက် မရတဲ့အခါ အတော်များများက စိတ်ဓာတ်ကျသွားတာတွေ အထင်းသား မြင်ကြရပါတယ်။ ဒီအချိန်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က "စိတ်ဓာတ်မကျပါနဲ့၊ ညီလာခံက ဒီတကြိမ်တည်း မပြီးသေးပါဘူး။ နောက်ညီလာခံတွေ ရှိပါသေးတယ်" လို့ နှစ်သိမ့်အားပေးမှုတွေ လုပ်ခဲ့ရပါတယ်။ မေလ ၂၈ ရက်နေ့ ညပိုင်းအထိ ရောက်လာချိန်မှာ UPDJC အဖွဲ့ဝင်တွေဟာ ဆွေးနွေးမှုရဲ့ အမြင့်ဆုံးအပိုင်းကို ကြုံတွေ့ခဲ့ကြရပါတယ်။ MICC-II ခန်းမကြီးရဲ့ အပြင်ဘက်မှာ လေတွေ၊ မိုးတွေ သည်းထန်နေသလို UPDJC အစည်းအဝေး စားပွဲဝိုင်းမှာလည်း လေတွေ မိုးတွေ သည်းထန်နေသလိုပါပဲ။ ဒီအချိန် ဒီကာလဟာ အရေးကြီးတဲ့ အချိန်ကာလ ဖြစ်လာခဲ့ပါတယ်။ NCA လမ်းကြောင်း၊ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ပျက်သွားနိုင်တဲ့အထိ အခြေအနေက ဆိုက်ရောက်ခဲ့ပါတယ်။ (နာမည်တွေ ထုတ်ဖော် မပြောတော့ပါဘူး) တွေ့ဆုံဆွေးနွေးမှု ပျက်သွားမှာ စိုးရိမ်ကြတဲ့ သူတွေက မေတ္တာရပ်ခံကြပါတယ်။ မျက်နှာတွေကလည်း စိုးရိမ်တကြီး၊ တချို့လည်း စိတ်ပျက်လက်ပျက်၊ တချို့လည်း မျှော်လင့်ချက် ရုတ်တရက် ပျောက်ဆုံးသွားသလိုမျိုး ရှိနေခဲ့ကြပါတယ်။ "သီးသန့်ဆွေးနွေးချိန် ၁၅ မိနစ် ပေးပါ" တောင်းတဲ့အခါ ကျန်တဲ့ အစုအဖွဲ့တွေက သဘောတူကြပါတယ်။ Tea Break မှာ သောက်စရာ Tea, Coffee မရှိတော့ပါဘူး။ အနားပေးချိန်မှာ အချင်းချင်း တီးတိုးဆွေးနွေးမှုတွေ ဖြစ်နေကြပါတယ်။ "ဘယ်လို ဆက်လုပ်ကြမလဲ" "နောက်ဆုံးကျမှဗျာ" "ခင်ဗျား ပြောသလို ဆင်ပြောင်ကြီး အမြီးကျမှ တစ်နေပြီ" စသဖြင့် ပြောဆိုသံတွေ ထွက်လာကြပါတယ်။ ဒီအချိန်မှာ သီးသန့်ဆွေးနွေးမှု တောင်းတဲ့ အစုအဖွဲ့က နောက်ထပ် ၇ မိနစ် ထပ်ပြီး အချိန်ပေးဖို့ တောင်းလာခဲ့ပါတယ်။ ဒီအချိန်မှာ UPDJC အဖွဲ့ဝင်တွေရဲ့ စိတ်ရင်းစေတနာတွေ၊ ခံစားချက်တွေကို အတိုင်းသား မြင်ရပါတယ်။ အချင်းချင်း စကားမပြောနိုင် ဖြစ်နေတဲ့သူ၊ ငေးငေးငိုင်ငိုင်ကြီး ရှိနေတဲ့သူ၊ ဆေးလိပ်ထွက်သောက်ပြီး စိုးရိမ်ပူပန်မှုတွေကို ဖြေဖျောက်နေရတဲ့သူ စသဖြင့် ရှိခဲ့ကြပါတယ်။ ကာလရှည်ကြာ ဆွေးနွေးညှိနှိုင်းခဲ့ကြ၊ ညီလာခံကြီးမှာ ဆွေးနွေးကြ၊ နောက်ဆုံး UPDJC မှာ အပြီးသတ်ဆွေးနွေးကြလို့ အားလုံး ပြီးပြီဆိုတဲ့အချိန်မှာ ဒီပြဿနာကို မမျှော်လင့်ဘဲ တွေ့လာကြရတဲ့အခါ နိုင်ငံရေးဆွေးနွေးမှုအပေါ် မျှော်လင့်တကြီး လုပ်ကိုင်လာခဲ့ကြသူတွေရဲ့ ခံစားချက်တွေဟာ မချိတင်ကဲ အတိုင်းသား မြင်နေရပါတယ်။ မနက်ပိုင်းမှာ ခွဲမထွက်ရေးကိစ္စ သဘောတူညီချက် မရတဲ့အပေါ် ဆွေးနွေးဘက်အားလုံးကို လိုက်ပြီး တောင်းပန်ခဲ့တဲ့ တိုင်းရင်းသားကြီးတဦးဆိုရင် "ဟာ ဘယ်လိုလုပ်မလဲ၊ ဒီလိုတော့ မလုပ်ပါနဲ့" တဖွဖွ ပြောနေတာ တွေ့ရတော့ သူ့ရင်ထဲက စိုးရိမ်သောကတွေ ကူးစက်လာတဲ့အထိ ဖြစ်စေခဲ့ပါတယ်။ NCA ညှိနှိုင်းစဉ် အစကတည်းက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ UPDJC အဖွဲ့ဝင်တဦးက ဆိုရင် "ကျနော် ဒီတကြိမ် အစည်းအဝေးဟာ နောက်ဆုံးပဲ။ နောက်ဆိုရင် မလုပ်တော့ဘူး။ အားလုံး ဆွေးနွေးပြီး သဘောတူညီပြီးတော့မှ ခုလို ဆိုတော့ ဘယ်လိုလုပ်မလဲ" ဆိုတာကို စိတ်ပျက်လက်ပျက်နဲ့ ပြောလာခဲ့ပါတယ်။ မီဒီယာသမားတဦး ရောက်လာပြီး ဆွေးနွေးပွဲ ရလဒ်တွေ လာမေးတော့ UPDJC အဖွဲ့ဝင် တယောက်က "ဒီအချိန်မှာ ဘာစကားမှ မပြောပါရစေနဲ့" ဆိုပြီး ပြန်ဖြေသံ ကြားလိုက်ရပါတယ်။ ကိုယ်တိုင်လည်း တကယ်လို့ သဘောမတူရင် ဘယ်ပုံဘယ်နည်းနဲ့ အကောင်းဆုံး ဖြစ်အောင် ဆက်လုပ်မလဲ ဆိုတာကို တွေးနေမိပါတယ်။ ကျန်တဲ့ လူကြီးတွေနဲ့လည်း တိုင်ပင်ဆွေးနွေးနေမိပါတယ်။ နောက်ဆုံးမှာတော့ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးနိုင်တဲ့ အခြေအနေကို ရောက်ရှိခဲ့ပါတယ်။ ရင်တမမ ဖြစ်နေရသူ အားလုံးလည်း ဒီအချိန်မှ သက်ပြင်းချ ရယ်မောနိုင်ခဲ့ကြပါတယ်။ ဒီအချက်တွေ လွယ်လွယ်ကူကူ ရလာတာ မဟုတ်ပါဘူး ဆိုတာ သိစေချင်ပါတယ်။ ပထမဦးဆုံး နိုင်ငံရေးဆွေးနွေးပွဲကို ဘယ်သူကမှ ပျက်စီးမသွားစေချင်ကြပါဘူး။ ခက်ခက်ခဲခဲ ရရှိလာတဲ့ ရလဒ်ကို အားလုံးက တန်ဖိုးထားကြပါတယ်။ ပထမဆုံး ခြေလှမ်းကို ဘယ်သူကမှ နောက်ပြန်လန်ကျတာမျိုး မဖြစ်စေချင်ကြပါဘူး။ ပိုပြီး အရေးကြီးတာက ဒီလန်ကျမှု၊ ဒီနောက်ပြန်မှုဟာ နိုင်ငံရေးဆွေးနွေးမှု လမ်းကြောင်းကြီး တခုလုံးကို ပျက်သုဉ်းသွားစေနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။ အစည်းအဝေးခန်းထဲမှာ တဦးနဲ့တဦး အယူအဆရေးအရ၊ ယုံကြည်မှုအရ ပြောကြ ဆိုကြရာမှာ အတော်ကလေး တင်းတင်းမာမာနဲ့ ပြင်းထန်ခဲ့တာတွေ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အစည်းအဝေး ပြီးဆုံးတဲ့အခါမှာ တဦးနဲ့ တဦး ဒေါသမရှိ ရယ်ရယ်မောမောနဲ့ စကားလက်ဆုံကြနေကြပါပြီ။ ဒါဟာ နိုင်ငံရေးဆွေးနွေးပွဲရဲ့ ယဉ်ကျေးမှုတရပ် ဖြစ်လာနေပါပြီ။ တွေ့ဆုံဆွေးနွေးမှုတွေ များလာတာနဲ့အမျှ နားလည်မှု၊ ရင်းနှီးမှုနဲ့ ယုံကြည်မှုတွေ မြင့်မားလာခဲ့ကြပါပြီ။ ဒီနေ့ မေလ ၂၉ ရက်နေ့ မနက်၊ ညီလာခံခန်းမကြီးထဲမှာ လက်မှတ်ရေးထိုးကြတာကို ကြည့်နေရင်း မနေ့ညက လိပ်ခဲတည်းလည်း အချိန်ကာလကို ပြန်ပြီး မြင်ယောင်လာမိပါတယ်။ စောင့်ကြည့်လေ့လာသူ၊ ပညာရှင်၊ ဝေဖန်သုံးသပ်သူ တချို့တွေအတွက်တော့ ဒီညီလာခံဟာ တန်ဖိုးထားစရာ ဖြစ်ချင်မှ ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်မှာ ပါဝင်ခဲ့သူတွေအတွက်တော့ တန်ဖိုးကြီးမားလှတဲ့ အရွေ့တခု ဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးမှုတွေ အောင်မြင်အောင် လုပ်ဆောင်ရာမှာ ခက်ခဲလေ့ရှိကြပေမယ့်၊ ဒီနိုင်ငံရေးဆွေးနွေးမှု ပျက်စီးစေချင်ရင် ခဏလေးနဲ့ ပျက်သွားတတ်ပါတယ်။ ဒီ "ခဏလေး" ဆိုတဲ့ အခိုက်အတန့်ဟာလည်း ကြုံတွေ့ရဖို့ အရမ်းကို လွယ်ကူနေတတ်ပါတယ်။ UPDJC အဖွဲ့ဝင်တွေ၊ အကျိုးဆောင်တွေ၊ အထောက်အကူပြုအဖွဲ့ဝင်တွေ အားလုံးအနေနဲ့ လေထန် မိုးသည်းညမှာ အားလုံး ဝိုင်းတွန်းခဲ့ကြတဲ့ အရွေ့ကို ဘယ်သူမှ မေ့ကြလိမ့်မယ် မဟုတ်ပါဘူး။ ဒီအရွေ့ကြောင့် ယုံကြည်မှုတွေ ပိုမိုအားကောင်းလာပြီး နောက်ခြေလှမ်းတလှမ်းကို ခိုင်ခိုင်မာမာ လှမ်းနိုင်မယ် ဆိုတာ သံသယ မရှိပါဘူး။ မှူးဇော်
4 years Ago
Up