လေဆိပ် ပစ်ခတ်မှုအပေါ်

January 8, 2017

လေဆိပ် ပစ်ခတ်မှုအပေါ် စိတ်ထိခိုက်ရကြောင်း အိုဘားမားပြော

ဇန်န၀ါရီလ-၆ ရက်နေ့ကဖြစ်ပျက်ခဲ့တဲ့ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် လေဆိပ်ပစ်ခတ်မှုအပေါ် အထူးစိတ်ထိခိုက်ကြောင်း သမ္မတအိုဘားမားက ပြောကြားလိုက်ပါတယ်။ ပစ်ခတ်မှုဖြစ်ပြီး သိပ်မကြာခင် အေဘီစီ ရုပ်သံဌာနနဲ့ပြုလုပ်တဲ့ မေးမြန်းခန်းအတွင်း အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။ သမ္မတအိုဘားမားက “ကျနော် သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ၈ နှစ်အတွင်း ဒီလိုဝမ်းနည်းစရာအဖြစ်တွေ မကြာခဏ ဖြစ်ပျက်ခဲ့ပါတယ်။ နာကြင်မှု သောကနဲ့ တုန်လှုပ်မှုတွေက အရမ်းကို ကြီးမားပါတယ်။ မြို့တော်ဝန်ဆီ ချက်ချင်းဖုန်းဆက်ပြီး ပြည်ထောင်စုနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေအကြား လုပ်သင့်တာတွေ လုပ်ရဲ့လားဆိုတာသိနိုင်ဖို့ ကျနော့်ရုံးက ၀န်ထမ်းတွေကို ချက်ချင်းမေးခိုင်းလိုက်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ပျက်ခဲ့သလဲဆိုတာကို နောက် ၂၄ နာရီလောက်မှာ ကျနော်တို့ ရှာဖွေတွေ့ရှိနိုင်မှာပါ”လို့ ပြောကြားခဲ့ပါတယ်။ ဇန်န၀ါရီ ၆ ရက်က ဖလော်ရီဒါပြည်နယ် ဖို့ဒ်လော်ဒါဒေးလ် လေဆိပ်မှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၅ ဦးသေဆုံးခဲ့ပါတယ်။ ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး အသက် ၂၆ နှစ်အရွယ် အက်စတဲဘန် စန်တီယားဂိုး ဆိုသူကို အမေရိကန်ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
5 years Ago
Up