လေဆိပ်ဝန်ဆောင်မှုဝန်ထမ်းများ သပိတ်မှောက်၍ ဂျာမနီ လေယာဉ်ခရီးစဉ် ၆၅၀ ကျော် ဖျက်သိမ်းခဲ့ရ

March 13, 2017

လေဆိပ်ဝန်ဆောင်မှုဝန်ထမ်းများ သပိတ်မှောက်၍ ဂျာမနီ လေယာဉ်ခရီးစဉ် ၆၅၀ ကျော် ဖျက်သိမ်းခဲ့ရ

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တော်က လေဆိပ် ၂ ခုမှာ လေဆိပ်ဝန်ဆောင်မှုဝန်ထမ်းတွေ လုပ်ခတိုးမြှင့်ပေးရေး သပိတ်မှောက်နေကြတဲ့အတွက် ဒီနေ့မှာ လေယာဉ်ခရီးစဉ် ၆၅၀ ကျော် ဖျက်လိုက်ရပါတယ်။ လေဆိပ်ဝန်ထမ်းတွေရဲ့ လုပ်ခ တနာရီကို ၁၁ ယူရိုကနေ ၁၂ ယူရို တိုးမြှင့်ပေးဖို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေနဲ့ချီ သပိတ်မှောက်တောင်းဆိုနေကြပြီး လေဆိပ်အာဏာပိုင်တွေနဲ့ ပြေလည်မှုမရသေးလို့ တင်းမာမှုတွေလည်း ဆက်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့ကတော့ တီဂလ် (Tegel) လေဆိပ်နဲ့ ရှိုးနာဖက် (Schoenefeld) လေဆိပ်မှာ လေယာာဉ်ခရီးစဉ် ၇၀၀ လောက် ဖျက်သိမ်းခဲ့ရပါတယ်။ ခရီးသည်တွေနဲ့ သူတို့ရဲ့ပစ္စည်းတွေကို သယ်ပို့ဝန်ဆောင်မှုပေးရတဲ့ လေဆိပ်ဝန်ထမ်း ၂၀၀၀ နီးပါးရဲ့ လုပ်ခ တိုးမြှင့်ပေးဖို့ ဝန်ထမ်းသမဂ္ဂအဖွဲ့က တောင်းဆိုနေတာဖြစ်ပြီး လေဆိပ်စီမံခန့်ခွဲမှုဌာနရဲ့ ကမ်းလှမ်းချက်ကိုလည်း ပယ်ချခဲ့ပါတယ်။ ဂျာမနီနိုင်ငံရဲ့ အကြီးဆုံးလေကြောင်းလိုင်းဖြစ်တဲ့ လုဖ်တန်ဆာ (Lufthansa) လေကြောင်းလိုင်းကလည်း ဒီနေ့မှာ ဘာလင်-ဖရန့်ဖတ်ခရီးစဉ်၊ ဘာလင်-မြူးနစ်ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ပါတယ်။ တခြားလေကြောင်းလိုင်းတွေဖြစ်တဲ့ Air Birlin၊ British Airways၊ Easyjet နဲ့ Ryanair လေကြောင်းလိုင်းခရီးစဉ်တွေလည်း ထိခိုက်ခဲ့ပါတယ်။
5 years Ago
Up