လေဆိပ်ကုန်လှောင်ရုံ

July 26, 2019

လက်နက်ကိုင်တစုက ဘရာဇီးလေဆိပ် ကုန်လှောင်ရုံမှ ဒေါ်လာသန်း ၄၀ တန်ဖိုးရှိ အဖိုးတန်ပစ္စည်းများ ခိုးယူ

ဘရာဇီးနိုင်ငံရဲ့ ခရီးသည်အဝင်အထွက် အများဆုံး ဆော်ပိုလိုလေဆိပ် ကုန်လှောင်ရုံကနေ အမေရိကန်ဒေါ်လာ သန်း ၄၀ တန်ဖိုးရှိ ရွှေနဲ့ တခြားအဖိုးတန်ပစ္စည်းတွေကို လက်နက်ကိုင် အမျိုးသားတွေ ခိုးယူသွားခဲ့ပြီး ဓားစာခံနှစ်ယောက်ကိုလည်း ဖမ်းခေါ်သွားတယ်လို့ ရဲတပ်ဖွဲ့က ဇူလိုင် ၂၅ ရက်နေ့မှာ  ပြောပါတယ်။ ဂွယ်ဒိုရိုဟ်လေဆိပ်ကို အနက်ရောင် ထရပ်ကားတစီးနဲ့ ရောက်လာတဲ့ သေနတ်သမားတွေဟာ ဘရာဇီး ပြည်ထောင်စုရဲတပ်ဖွဲ့ ယူနီဖောင်းနဲ့ ဆင်တူတဲ့ အင်္ကျီတွေ ဝတ်ဆင်ထားကြတာကို လုံခြုံရေးရုပ်သံဖိုင်မှာ တွေ့ရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ မျက်နှာတွေဖုံးထားတဲ့ အမျိုးသားလေးယောက်ဟာ ကားနားမှာ ကျန်ခဲ့ပြီး ရိုင်ဖယ်ကိုင်ထားတဲ့ နောက်တယောက်က လေဆိပ်ကုန်လှောင်ရုံထဲ ဝင်သွားပါတယ်။ သေနတ်သမားတွေဟာ အလေးချိန် ကီလိုဂရမ် ၁၆၅၀ ရှိတဲ့ ရွှေနဲ့ တခြား အဖိုးတန်ပစ္စည်းတွေကို ခိုးယူသွားတဲ့အပြင် လေဆိပ်ဝန်ထမ်း နှစ်ယောက်ကိုပါ ပြန်ပေးဆွဲသွားခဲ့တာပါ။ လက်ရှိအချိန်ထိတော့ အာဏာပိုင်တွေက သူတို့ကို ဖမ်းမမိသေးပါဘူး။ အဲဒီဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ လေဆိပ်ပြောခွင့်ရ တာဝန်ရှိသူ တယောက်က ပြောပေမယ့် ဓားစာခံအဖြစ် ခေါ်သွားခံရတဲ့ လေဆိပ်ဝန်ထမ်းနှစ်ယောက်နဲ့ ပတ်သက်လို့တော့ အသေးစိတ် မပြောခဲ့ပါဘူး။
2 years Ago
Up