လေစိုင်ဝဲ

April 30, 2018

လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေ၊  လေစိုင်ဝဲအဖြစ် ဧရာဝတီတိုင်းကို ဝင်ရောက်ဖွယ်ရှိနေ

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ  လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီး  လေစိုင်ဝဲအဖြစ်နဲ့ ဧရာဝတီတိုင်းအတွင်း ဝင်ရောက်ဖွယ် ရှိနေတယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က  ဒီကနေ့ ဧပြီ ၃၀ ရက် မနက် ၈ နာရီ ၂၁ မိနစ်မှာ ခန့်မှန်းထုတ်ပြန်ထားပါတယ်။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းဟာ အနည်းငယ်ပိုမို အားကောင်းလာနေတယ်။ လေဖိအားနည်းရပ်ဝန်းကြောင့် ကြီးမားတဲ့ တိမ်တိုက်ကြီးတွေ တနင်္သာရီကမ်းလွန်ဒေသမှာ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။ လေဖိအားနည်းရပ်ဝန်း လေစိုင်ဝဲဟာ မြောက်အရှေ့စူးစူးအရပ်ကို ဦးတည်ရွေ့လျားလာပြီး မေလ ၁ ရက် ညနေပိုင်းမှ မေလ ၂ ရက်  မနက်ပိုင်းမှာ ဧရာဝတီတိုင်းအတွင်းကို ဖြတ်ကျော် ဝင်ရောက်လိမ့်မယ်လို့ ခန့်မှန်းပါတယ်။ အများဆုံး လေတိုက်နှုန်းမှာ တနာရီကို ပင်လယ်ရေမိုင် ၂၅-၃၀ လောက် (ကုန်းမိုင် ၄၀-၃၅ ) ခန့် တိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။ အလားတူ မိုးဇလဌာနကလည်း ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိနေပြီး  အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်တယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေဟာ တနာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းပါတယ်။ ကျန်မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိမှာ ဖြစ်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၇ ပေမှ ၉ ပေခန့်နဲ့ ကျန်မြန်မာ့ပင်လယ်ပြင်မှာ ၄ ပေမှ ၆ ပေခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့မှာ နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ မကွေးတိုင်းဒေသကြီးနဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာဖို့ရှိပြီး  ရွာရန်ရာနှုန်း ၈၀ ဖြစ်တယ်လို့ သိရပါတယ်။
3 years Ago
Up