လေစိမ်းတွေ

A d v e r t i s e m e n t With Us

July 2, 2019

လေစိမ်းတွေ

ပြီးခဲ့သည့်အပတ်က ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကို နေပြည်တော်မှာ ကျင်းပကြသည်။ ဖေ့စ်ဘွတ်ခ်မှာ ဓာတ်ပုံတွေတက်လာသည့်အထဲမှ ဓာတ်ပုံတပုံတွင် ဒေါ်အောင်ဆန်းစုကြည်လက်ထဲ စာအုပ်တအုပ်ကိုင်ထားတာကို တွေ့ရသည်။ သိပ်မသဲကွဲလှ။ ပုံကိုချဲ့ကြည့်လိုက်တော့ လာရီဒိုင်းမင်း (Larry Diamond) ရေးသည့် ill Winds (လေစိမ်းတွေ) ဆိုသည့်စာအုပ်ဖြစ်သည်။ YouTube မှာ ill Winds လို့ရိုက်ရှာတော့ လာရီဒိုင်းမင်းကို တက္ကသိုလ်တခုက  ပင့်ဖိတ်သည့် စာအုပ်မိတ်ဆက်ပွဲတခုကိုတွေ့သည်။ တနာရီနဲ့မိနစ် အနည်းငယ်ကြာသည့် အဲဒီပွဲကောက်နုတ်ချက်တချို့ကို ဒီတပတ်ပြောဖို့စိတ်ကူးမိသည်။ လာရီဒိုင်းမင်း မြန်မာပြည်လာဖူးသည်။  အမေရိကန်စင်တာမှာ ပွဲလုပ်သည်။ ၃လ တကြိမ်ထုတ်ထင်ရှားသည့် ဒီမိုကရေစီဂျာနယ်၏ အယ်ဒီတာတဦးဖြစ်ပြီး ကမ္ဘာပေါ်ရှိ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးများကို လေ့လာနေသည့် နိုင်ငံရေးသိပ္ပံပညာရှင်တဦးလည်း ဖြစ်သည့် အတွက် မြန်မာနိုင်ငံကိုလာသွားတယ်ဆိုတာက အဆန်းတော့မဟုတ်။ အမေရိကန်စင်တာက ကမ္ဘာကျော် ဖရန်စစ်ဖူကူယားမားကိုလည်း ဖိတ်ခဲ့ဖူးသည်။ သို့သော် ကျနော်ကတော့ ဒိုင်းမင်းက လက်ရှိမြန်မာနိုင်ငံအနေအထားတွေနဲ့ ပိုပြီးလိုက်လျောညီထွေဖြစ်မည့် ပညာရှင်ဟု သဘောပေါက်ထားသည်။ ဖူကူးယားမား ပိုဆရာကျသည့်နေရာတွေ များစွာရှိပါသည်။ သို့သော် မြန်မာနိုင်ငံရေးနောက်ခံကနေကြည့်လျှင် လာရီဒိုင်းမင်းက ပိုအဆင်ပြေနိုင်သည့် သဘောကို ဆိုလိုသည်။ စာအုပ်နာမည် အတိအကျပြောပါဆိုလျှင်တော့ လေစိမ်းတွေ (ရုရှားဒေါသမီး၊ တရုတ်အကြံကြီးမှုနှင့် အမေရိကန်နတ်ပြည်လေတိုက်နေခြင်းမှ ဒီမိုကရေစီကိုကယ်တင်ခြင်း - Ill Winds: Saving democracy from Russian rage, Chinese ambition and American complacency)လို့ပြောရမည်ထင်သည်။ ဒိုင်းမင်းက ဒီမိုကရေစီရေးနှင့် ပတ်သက်လျှင်အတော်နာမည်ရပြီး လူတွေလေးစားရသည့် စတင်းဖို့ဒ်တက္ကသိုလ်၊ ဟောဗားအင်စတီကျူးရှင်းမှာ အကြီးတန်းသုတေသနပညာရှင်ဖြစ်သည်။ မြန်မာလိုလွယ်လွယ်ပြောလျှင် အချဉ်မဟုတ်၊ ခေသူမဟုတ်ပါ။ ကမ္ဘာကြီးမှာ ဒုတိယကမ္ဘာစစ်ပြီးခေတ်နောက် နှစ် ၃၀ နီးပါးတောက်လျောက် အနောက်ကမ္ဘာမှာ စီးပွားတက်သည်။ ကျနော်ရေးခဲ့ဖူးပါသည်။ အနောက်ကမ္ဘာကို ဒီနေရာမှာ အမေရိကန်၊ ကနေဒါ စသည့်မြောက်အမေရိက၊ ဂျပန်နှင့် အနောက်ဥရောပကိုယူသည်။ ဒီတော့ ၁၉၇၀ ပြည့်နှစ်တွေမှာ အနောက်မှာ ဒီမိုကရေစီခေတ်စားတာမဆန်း။ တိတိကျကျပြောလျှင် လစ်ဘရယ်ဒီမိုကရေစီ။ ဖူကူယားမားပြောသည့် သမိုင်းနိဂုံးချုပ်သည်ဆိုသည့် ဒီမိုကရေစီမှာ လစ်ဘရယ်ဒီမိုကရေစီကိုဆိုလိုသည်။ အထက်မှာပြောခဲ့သည့် နိုင်ငံများတွင်အဓိကအလုပ်ဖြစ်ခဲ့၊ ကြွယ်ဝခဲ့သည်။ ဒီအရှိန်က ဘယ်လောက်ပြင်းသလဲဆို ကမ္ဘာကြီးတခုလုံး ဒီမိုကရေစီဖြစ်ရင်ပွဲပြီးပြီလို့ သတ်မှတ်သည့်အထိ ဖြစ်သည်။ ၁၉၈၉ ဘာလင်တံတိုင်းပြိုအပြီး ဆိုဗီယက်ကွဲထွက်နိုင်ငံတွေက ၁၉၉၀ပြည့်တွေမှာ ဥရောပသမဂ္ဂထဲ ၀င်လိုသည်။ တနည်းပြောရလျှင် ဒီမိုကရေစီကလပ်ထဲ ၀င်ချင်သည်။ အနောက်ကမ္ဘာလို ချမ်းသာချင်တာကိုး။ မဆန်း။ ၁၉၇၀ တွေမှာတက်လာပြီး ဘာလင်တံတိုင်းပြိုပြီး ၁၉၉၁ မှာ ဟန်တင်တန်က တတိယလှိုင်းလို့ အမည်ပေးရလောက်အောင် အားကောင်းလာသည်။ နီးစပ်သည့် အာရှနိုင်ငံတွေ ကို ဒိုင်းမင်းဆွေးနွေးပွဲက ထုတ်ပြရလျှင် ၁၉၈၆ ဖိလစ်ပိုင်၊ ၁၉၈၇ တောင်ကိုရီးယား၊ နှင့် ၁၉၈၈ မြန်မာအပါအ၀င် ကမ္ဘာနဲ့တ၀န်း ဒီမိုကရေစီရေးလှုပ်ရှားမှုနှင့် ရွေးကောက်ပွဲတွေ။ ၁၉၈၉ ထိုင်ဝမ်။ ကမ္ဘာပေါ်မှာ ဒီမိုကရေစီနိုင်ငံတွေ များလာသည်။ ၁၉၉၀ပြည့်နှစ်ဝက်မှာ ၂၀၀၀ပြည့်နှစ်ဝက်တွေထိ (တနည်း ၁၉၉၅ လောက်ကနေ ၂၀၀၅အထိ) ဒီမိုကရေစီ ကောင်းစွာအသာရဆဲဖြစ်သည်။ ဒီမိုကရေစီအောင်မြင်သည်။ ကမ္ဘာမှာ အဲသည်အချိန်တွေကို အမေရိကန်တဦးတည်းဦးဆောင်မှုယူသည့် ယူနီပိုလာ (Unipolar) လို့ သတ်မှတ်ထားသည်။ အမေရိကန်သည် အထီးတည်းအရာရာမှာ ဆရာကြီးဖြစ်နေသည့် အချိန်ဖြစ်သည်။ ဒီအနေအထားက၂၀၀၆ မှာစပျက်သည်။ အီရတ်စစ်ဝင်လာလို့ ဖြစ်ရတာလို့ ဒိုင်းမင်းက သုံးသပ်သည်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်လို့ရတယ်ဆိုတဲ့ လက်နက်တွေ အီရတ်မှာမတွေ့။ အစဉ်အလာမဟာမိတ်ဥရောပက အီရတ်စစ်မှာ လက်ရှောင်။ ဟူစတန်မှာ ရေနံကုမ္ပဏီတခုရဲ့ စီအီးအိုလုပ်ခဲ့ဖူးတယ်ဆိုတဲ့ ဂျော့ခ်ျဒဗလျူဘွတ်ရှ် အရှေ့အလယ်ပိုင်း နိုင်ငံရေးကို ရေနံတခုထဲအပေါ်မှာပဲ မှားမြင်ပုံရသည်။ အခြေအနေမလှဘဲ သက်တမ်း၂ခု ကုန်သွားသည်။ ၂၀၀၆ ကနေ ၂၀၀၈ ဟာ ဒီမိုကရေစီကို စီးပွားရေးလိုပြောပါဆို ရီဆက်ရှင်းဝင်တာလို့ ဒိုင်းမင်းကဆိုသည်။ နောက်တော့ နည်းပညာအခန်းကဏ္ဍက မြင့်မားလာသည်။ တောကလူတွေမြို့ကို အစုလိုက်အပြုံလိုက် ပြောင်းလာကြသည်။ ၂၀၁၀ ပတ်ဝန်းကျင်လောက်မှာ အမေရိကန်မှာ အသက် ၂၅ ကနေ ၃၀လောက်ရှိတဲ့လူငယ်တွေကို သူတို့မိဘတွေလို အဆင်ပြေရဲ့လား ဆိုတဲ့မေးခွန်းကို မေးပြီးစစ်တမ်းကောက်တော့ မိဘတွေခေတ်ကရသည့် ၇၀% ကနေ ၅၀% ထိလျောကျသွားသည်လို့ ဒိုင်းမင်းကဆိုသည်။ ၂၁ ရာစုပထမ ၁၀နှစ်သည် ဒီမိုကရေစီကို အလှည့်အပြောင်းဖြစ်လာစေသည်။ နေတိုးထဲဝင်လာသည့် အရှေ့ဥရောပမှာ အခြေအနေမကောင်း။ အထူးသဖြင့် ပိုလန်၊ ဟန်ဂေရီနဲ့ ချက်သမ္မတနိုင်ငံတွေမှာဖြစ်သည်။ အဲသည်ကနေဒီနေ့ခတ်ကမ္ဘာကိုကြည့်တော့ အမေရိကန်တကိုယ်တော် လူစွာလုပ်နိုင်သည့် ခေတ်မဟုတ်တော့။ ဒိုင်းမင်းစကားငှားပြောရလျှင် ကနေ့က 2 ½ စူပါပါဝါခေတ်ဖြစ်သည်။ စူပါပါဝါအပြည့်က အမေရိကန်နဲ့ တရုတ်၊ တ၀က်က ရုရှား။ ခု ကုန်သွယ်စစ်မဖြစ်ခင်က တရုတ်က အမေရိကန်ကို ပစ္စဖိတ်ဒေသကနေ မောင်းထုတ်ဖို့ ကြိုးစားနေတာဖြစ်သည်။ ဒါပေမယ့် တချိန်တည်းမှာ ထိုင်ဝမ်နဲ့ ဟောင်ကောင်ကို ပြည်မကြီးအုပ်ချုပ်မှု အောက်ကို ဘယ်လိုမှ သွတ်သွင်းလို့ မရနိုင်ဖြစ်နေသည်။ ခုရက်ပိုင်းအတွင်း အမျိုးသားရေးဝါဒတွေခေါင်းထောင်လာပြီ။ လစ်ဘရယ်ခေတ် မရှိတော့လို့ဆိုသည့် အသံသွင်းပို့စ်တခုတက်လာသည်။ ကျပ်တည်းနေသည့် ဒီမိုကရေစီလမ်းကြောင်းမှာ အဆင်းကိုဘီးတပ်ဖို့ ကြံတာပဲဖြစ်သည်။ တဘက်ကကြည့်လျှင် လစ်ဘရယ်ဒီမိုကရေစီ ဘက်မကပ်နိုင်လို့ နေရှင်နယ်လစ် နာမည်ကြော်ငြာပေးပြီး မြန်မာလူထုကို ဘာသာရေးနဲ့ ၀င်မှိုင်းတိုက်တဲ့သဘောပဲဖြစ်သည်။ နာမည်ကိုက ဘာသာတရားဖြစ်သည်။ တရားကို မထိန်းသိမ်းမစောင့်ရှောက်နိုင်သည့် ဘယ်ဘာသာမှ လောကကို မစောင့်ရှောက်နိုင်ပါ။ ဘာသာရေးခုတုံးလုပ်ပြီး နိုင်ငံရေးကို ကိုယ်ထင်ရာမြင်ရာ ကောက်ချက်ချခြင်းက ဟုတ်သလိုလို ထင်ယောင်ထင်မှား ဖြစ်စေနိုင်သည်။ သို့သော် လူထုကိုလှည့်စားမယ်ဆို ခဏပဲရပါမည်။ ခုခေတ်က ခဏတောင်ရဖို့သိပ်မသေချာ။ နိဂုံးမချုပ်ခင် ခုကျနော့်အယူအဆကိုပြောပါမည်။ ကမ္ဘာ့နိုင်ငံရေးစီးပွားရေးဖြစ်ထွန်းမှုကို လေ့လာသည့်အခါ ထင်ရှားလာသည့်အချက်က ဒီမိုကရေစီဆိုတာက အရင်းစနစ်အဆင့်တခုအထိ အောင်မြင်ထားဖို့လိုသည်။ ဒီမိုကရေစီနောက်ပြန်လှည့်နေသလိုဖြစ်ကြရသည်မှာ ဒီမိုကရေစီ၏ တန်ဖိုးကျဆင်းသွားလို့ မဟုတ်။ ချမ်းသာသည့်နိုင်ငံတွေမှာဖြစ်သည့်ပြဿနာက နိုင်ငံရေးကပြောင်းလဲသွားသည့် အရင်းစနစ်ကို ဇက်မသတ်နိုင်သည့်အတွက် ဖြစ်သည်။ (နိုင်ငံရေးကိုစီးပွားရေးက ကျော်သွားတာ)။ ဆင်းရဲသည့်နိုင်ငံတွေမှာ ရင်ဆိုင်ရတဲ့ပြဿနာတွေက ပြောင်းနေသည့်ဈေးကွက်ကို ရှိသည့် အရင်းနှင့် မကပ်နိုင်တာဖြစ်သည် (စီးပွားရေးနောက်ကို နိုင်ငံရေးက မလိုက်နိုင်တာ)။ နှစ်ခုစလုံးတွင် တူညီသည်မှာ လက်ရှိနိုင်ငံရေးနှင့် စီးပွားရေးအပြန်အလှန် လိုက်လျောညီထွေ သွားနိုင်သည့် အနေအထားကို မရောက်ရှိနိုင်သေးသည့်အတွက် ဖြစ်သည်။ ဒီတော့ နောက်ပြန် လှည့်ကြရမည်လား။ မဟုတ်ပါ။ အခြေအနေပေးထားသော ဒီမိုကရက်တစ်နိုင်ငံရေးစနစ်ကို ဆက်သွားနေရင်း စီးပွားရေးကို အတိုင်းအတာတခုအထိ ခိုင်မာအောင်လုပ်နိုင်ဖို့က လိုအပ်ချက်ဖြစ်သည်။ အပြောင်းအလဲသည် ဖြစ်စဉ်အတွင်းမှာပဲရှိသည်။ အတွင်းထဲဝင်ပြီးမှပဲ ပြောင်းနိုင်မည်။ သို့သော်ပိတ်ထားလို့တော့မရ။ နိုင်ငံရေး၊ စီးပွားရေး နယ်ပယ်တိုင်းမှာ ပြင်ပက၀င်လာတဲ့ အင်အားတခုလည်း လိုအပ်မည်။ ပိတ်ထားပြီး အမျိုးသားရေး အော်နေရုံနဲ့တော့ တိုင်းပြည်က ဆင်းရဲတွင်းထဲ ပြန်လည်သက်ဆင်းသွားမည်သာ ဖြစ်သည်။ တမြေ့မြေ့နိမ့်ပါး ပျောက်ကွယ်သွားမည်သာဖြစ်သည်။ ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးဆိုသည့် တရုတ်ကိုကြည့်ပါ။ တိုင်းပြည်ကို အာဏာရ ကွန်မြူနစ်ပါတီက စီးပွားရေးတိုးတက်မှုဖြင့်ဖိပြီး အုပ်ချုပ်ထားခြင်းဖြစ်သည်။ တရုတ်ပြဿနာက နိုင်ငံရေးနဲ့စီးပွားရေးကို အာဏာဖြင့်ဖိပြီး ညှိထားထိန်းထားတာဖြစ်သည်။ ကုန်သွယ်စစ်က စီးပွားရေးကိုလှန်ချလိုက်လျှင် ခြစားနေသည့်နိုင်ငံရေးစနစ်တခုကို လူထုကသေချာပေါက် တုံ့ပြန်မည် ဖြစ်သည်။ ဒါကတရုတ်အစိုးရ၏ စိုးရိမ်မှုဖြစ်သည်။ ၁၉၈၉ ဇွန်လ၏ တိန့်ရင်မင်တစ္ဆေက နှစ်ပေါင်း၃၀ကြာသည့်တိုင်အောင် တရုတ်အစိုးရကိုကိုယ်ထင်ပြနေဆဲဖြစ်သည်။ ဒီမိုကရေစီကို ငါ့ကိုယ်ကျိုးအတွက်ပဲ ကြည့်မယ်ဆိုသည့် အယောင်ဆောင် အမျိုးသား နိုင်ငံရေးက၀င်ရောက် အနိုင်ယူနိုင်ဖို့မရှိပါ။ တိုင်းပြည်ကို လောကပါလတရားတွေနဲ့ ပြန်လည် အောင်မြင်အောင် တည်ဆောက်ခြင်းသည်သာ အမှန်ကန်ဆုံးနှင့် အလိုအပ်ဆုံး အမျိုးသားရေး စိတ်ဓာတ်နှင့် အသိအမြင်ဖြစ်သည်။ အမျိုးသားနိုင်ငံရေးဆိုတာက စင်ပေါ်တက် ဒေါင်ဒေါင်မြည် တရားတွေ ဟောနေတာမျိုးကို မဆိုလိုပါ။ နိုင်ငံသားတိုင်းက မှန်ကန်သော နိုင်ငံချစ်စိတ်ဖြင့် လွတ်လပ်မျှတစွာ ၀င်ရောက်ရုန်းကန်ရတာမျိုးကိုဆိုလိုသည်။ ဒီမိုကရေစီရပြီးသား ဘယ်နိုင်ငံကမှ အာဏာရှင်လက်အောက် ပြန်မသွားလိုကြတော့ပါ။ ပြန်သွားရိုးထုံးစံလည်း မရှိပါ။ ဟောင်ကောင် လမ်းမတွေပေါ်က လူ ၂သန်းကျော်က သက်သေပဲဖြစ်သည်။ ဆောင်းပါးရှင်- ကျော်ဇောခိုင် ဓာတ်ပုံ- VOA/ Penguin random house
2 years Ago
Up