ရွှေ့ပြောင်း ဒုက္ခသည်များ ယူရိုဥမင်ကိုဖြတ်ပြီး ဗြိတိန်နိုင်ငံထဲ ခိုးဝင်မှု (ရုပ်သံ)

July 31, 2015

ရွှေ့ပြောင်း ဒုက္ခသည်များ ယူရိုဥမင်ကိုဖြတ်ပြီး ဗြိတိန်နိုင်ငံထဲ ခိုးဝင်မှု (ရုပ်သံ)

ပြင်သစ်နိုင်ငံကနေ ယူရိုဥမင်ကိုဖြတ်ပြီး ဗြိတိန်နိုင်ငံထဲကို တရားမ၀င် ၀င်ရောက်မယ့်သူတွေ ညနေ နေ၀င်တာနဲ့ ရောက်ရှိလာကြတာကို ဇူလိုင် ၃၀ ရက်နေ့ကက တွေ့မြင်ရတာပါ။ အာဖရိကမြောက်ပိုင်း၊ အရှေ့အလယ်ပိုင်းက ရွှေ့ပြောင်းဒုက္ခသည်တွေဟာ ယူရိုဥမင်ခြံစည်းရိုးကိုဖြတ်ပြီး ကုန်ကားတွေ၊ ရထားတွေကို တွယ်တက်ပြီး ဗြိတိန်နိုင်ငံထဲမှာ အခွင့်အလမ်းရှာဖွေကြတာပါ။ ဇူလိုင် ၃၀ ရက်နေ့ကတော့ ပြင်သစ်ရဲလုံခြုံရေးတွေ ၁၂၀ လောက်ချထားတာကိုလည်း ဂရုမစိုက်နိုင်ကြတော့ပါဘူး။ ရွှေ့ပြောင်းဒုက္ခသည်တွေက ကုန်ကားတွေကို တွယ်တက်ကြတာကြောင့် ယာဉ်အသွားအလာတွေလည်း ရပ်နားထားရလို့ ကုန်စည်စီးဆင်းမှုတွေ၊ ခရီးအသွားအလာတွေအားလုံး ထိခိုက်နေတာပါ။ ပြီးခဲ့တဲ့ ဇွန်လကစပြီး ဒီယူရိုဥမင်ကိုဖြတ်ပြီး ၀င်ရောက်သူ ၉ ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း ယူရိုဥမင်အာဏာပိုင်အဖွဲ့၊ ဗြိတိန်နိုင်ငံရေးသမားတွေနဲ့ ပြင်သစ်နိုင်ငံရေးသမားတွေ တဦးတဦး အပြစ်ဖို့ နေကြတော့တာပါ။ ဇူလိုင် ၃၀ ရက်နေ့ညနေကတော့ စုဝေးလာရောက်လာသူ ၈၀၀ လောက်ရှိခဲ့ပြီး အရင်နေ့တွေနဲ့စာရင် နည်းလာတယ်လို့ ပြင်သစ်ရဲအရာရှိတဦးကပြောဆိုပါတယ်။ အဲ့ဒီထဲက လူ ၃၀၀ လောက်ကို ရဲတွေက တားမြစ်ခဲ့ပါတယ်။ ဇူလိုင် ၂၈ ရက်နေ့က ခြံစည်းရိုးထဲဝင်ရောက်ဖို့ ကြိုးစားသူ ၁၅၀၀ နဲ့ ဇူလိုင် ၂၇ ရက်နေ့က ၂၀၀၀ လောက်ရှိခဲ့တာပါ။ အခုလို ဒုက္ခသည်တွေကြောင့် ဥရောပနဲ့ ဗြိတိန် အဓိကဆက်သွယ်ရေးလမ်းကြောင်း ရပ်သွားရတာနဲ့ပတ်သက်ပြီး ဗြိတိန်ဝန်ကြီးချုပ်ရဲ့ စကားလုံးရွေးချယ်သုံးနှုန်းမှုပေါ်မှာလည်း လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ပြစ်တင်ဝေဖန်နေကြပါတယ်။ ၀န်ကြီးချုပ်ကင်မရွန်းက ဒီရွှေ့ပြောင်းဒုက္ခသည်တွေကို “မြေထဲပင်လယ်ဖြတ်ဒုက္ခသည်အုပ်တွေ” လို့ သုံးနှုန်းခဲ့တာပါ။ ဒုက္ခသည်တွေကတော့ ဘယ်လို အခက်အခဲ၊ အတားအဆီးတွေပဲရှိရှိ ဗြိတိန်နိုင်ငံထဲကို မရ ရအောင်ဝင်ရောက်မယ်လို့ ပြောဆိုနေကြတာပါ။
6 years Ago
Up