ရွှေ့ပြောင်းနေထိုင်သူ ကလေးငယ် ၁ သောင်းကျော် ပျောက်ဆုံးနေဟု ယူရိုပို ပြော

February 2, 2016

ရွှေ့ပြောင်းနေထိုင်သူ ကလေးငယ် ၁ သောင်းကျော် ပျောက်ဆုံးနေဟု ယူရိုပို ပြော

လူကြီးအဖော်မပါတဲ့ ရွှေ့ပြောင်းနေထိုင်သူ ကလေးငယ် အယောက် ၁ သောင်းကျော်ဟာ ကျန်ခဲ့တဲ့ ၂ နှစ်အတွင်း ဥရောပရဲ့ စနစ်တွေကြားမှာ ပျောက်ဆုံးနေတယ်လို့ ဥရောပသမဂ္ဂ ရဲပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (ယူရိုပို) က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ သူတို့ဟာ လူကုန်ကူးသူတွေအတွက် လွယ်ကူတဲ့ပစ်မှတ် ဖြစ်လာမယ့် အလားအလာတွေ ရှိနေတယ်လို့လည်း ယူရိုပို အကြီးအကဲ ဘရိုင်ယန် ဒေါနယ်က ပြောပါတယ်။ ခန့်မှန်း ကိန်းဂဏန်းဟာ အဖွဲ့ဝင်နိုင်ငံတွေက အစီရင်ခံစာတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပွင့်လင်းတဲ့ သတင်းရင်းမြစ်တွေဆီက ရထားတဲ့ အချက်တွေအပေါ် အခြေခံထားတယ်၊ တကယ့်အရေအတွက်က အများကြီး ပိုမြင့်နိုင်တယ်လို့လည်း သူက ပြောပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးရွားဆုံး ရွှေ့ပြောင်းနေထိုင်မှု အကျပ်အတည်းကို ဥရောပက ရင်ဆိုင်နေရချိန်မှာ ခုလို ပြောလိုက်တာပါ။ မနှစ်က ရွှေ့ပြောင်းနေထိုင်သူ အယောက် ၁ သန်းကျော် ဥရောပကို ရောက်လာခဲ့ပြီး ခုတော့ ဆောင်းရာသီမို့ အသစ်ရောက်လာတဲ့ လူအရေအတွက် လျော့ကျတဲ့ လက္ခဏာ ရှိနေပါတယ်။ မတ်လ ၁၇ နဲ့ ၁၈ ရက်နေ့တွေမှာ ဥရောပခေါင်းဆောင်တွေရဲ့ ထိပ်သီး ဆွေးနွေးပွဲအတွင်း ရွှေ့ပြောင်းနေထိုင်မှု အကျပ်အတည်းကို အဓိက အာရုံစိုက် ဆွေးနွေးမှာပါ။ အဖွဲ့ဝင်နိုင်ငံတွေကြား ပြည်ဝင်ခွင့် ကင်းလွတ်ဇုန် ရွှမ်ဂံစနစ်ကို ဒိန်းမတ်၊ ဂျာမနီနဲ့ ဆွီဒင်နိုင်ငံတွေမှာ ရပ်ဆိုင်းထားပြီးပါပြီ။ ခုတော့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဒုက္ခသည်တွေ ဆိုက်ရောက်မှုကို ဟန့်တားဖို့ သူတို့ နယ်စပ်တွေကို ထိန်းချုပ်ထားပြီးပါပြီ။ ဂရိနဲ့ အီတလီနိုင်ငံတွေကို လူအများအပြား ပေးဝင်မှုနဲ့ အပြစ်တင်ခဲ့ကြလို့ ဥရောပသမဂ္ဂ နိုင်ငံတွေကြား ခါးသီးတဲ့ အငြင်းပွားမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အီတလီနဲ့ ဂရိအစိုးရတွေကလည်း ဂျာမနီရဲ့ အစောပိုင်းက တံခါးဖွင့် မူဝါဒကြောင့် လူတွေ ပိုရောက်လာတာလို့ တန်ပြန် ပြောဆိုခဲ့ကြပါတယ်။
7 years Ago
Up