ရွှေ့ပြောင်းနေထိုင်သူအုပ်စု

April 8, 2019

နိုင်ငံမျိုးစုံမှ ရွှေ့ပြောင်းနေထိုင်သူအုပ်စု မက္ကဆီကို-ဂွါတီမာလာ နယ်စပ်မြစ်ကို ဖြတ်ကူး

မက္ကဆီကိုနဲ့ ဂွါတီမာလာ နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ ဆူချီယာ့တေမြစ်ကို ကျူးဘားနဲ့ အာဖဂန် အပါအဝင် နိုင်ငံသားမျိုးစုံပါတဲ့ ရွှေ့ပြောင်းနေထိုင်သူ အုပ်စုတွေ ဧပြီ ၇ ရက်နေ့က ဖြတ်ကူးနေကြပါတယ်။ သူတို့ဟာ မက္ကဆီကို အမျိုးသား လူဝင်မှုကြီးကြပ်ရေးအဖွဲ့ ရုံးစိုက်ရာ တာပါချူလာမြို့ဆီ သွားဖို့ ကြိုးစားကြတာပါ။ ဒီမြို့မှာ တခြား ရွှေ့ပြောင်းနေထိုင်သူတွေကလည်း မက္ကဆီကိုနိုင်ငံကို ဖြတ်သန်းပြီး ခရီးသွားခွင့်ရဖို့ စာရွက်စာတမ်းတွေကို စောင့်ရင်း စခန်းချ နေနေခဲ့ကြတာပါ။ ကျူးဘား ရွှေ့ပြောင်းနေထိုင်သူ တဦးကတော့ ခွင့်ပြုချက်ရဖို့ မက္ကဆီကိုနိုင်ငံထဲမှာ စောင့်နေတာ ရက် ၂၀ ရှိပြီလို့ ပြောပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေ အမေရိကန်ကို မလာနိုင်အောင် မက္ကဆီကို အရာရှိတွေက မဟန့်တားရင် အမေရိကန်-မက္ကဆီကို နယ်စပ်ကို ပိတ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အရင်အပတ်မှာ ထပ်တလဲလဲ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမယ့် ခြိမ်းခြောက်မှုအပြီး မက္ကဆီကို အစိုးရရဲ့ အားထုတ်မှုတွေကို ထရမ့်က ပြန်ချီးကျူးခဲ့ပါတယ်။ တကယ်လို့ နယ်စပ်ကိုပိတ်ခဲ့ရင် အမေရိကန်ဒေါ်လာ ဘီလျံ ဆယ်နဲ့ချီတဲ့ ကုန်သွယ်ရေးကို ထိခိုက်စေမှာပါ။ မက္ကဆီကို အစိုးရကတော့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ သူ့ရဲ့မူဝါဒကို ပြောင်းဖို့ ငြင်းခဲ့ပါတယ်။ ဒါပေမယ့် မက္ကဆီကို နယ်နိမိတ်အတွင်း လွတ်လွတ်လပ်လပ် ဖြတ်သန်းဖို့ တခြားနိုင်ငံတွေက ရွှေ့ပြောင်းနေထိုင်သူတွေကို ခွင့်ပြုထားတဲ့ လူသားချင်း စာနာမှုဆိုင်ရာ ပြည်ဝင်ခွင့် ထုတ်ပေးနေတာကိုတော့ မက္ကဆီကို အစိုးရက ရုတ်တရက် ရပ်တန့်ခဲ့ပုံရတယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ်ထားပါတယ်။
3 years Ago
Up