ရွှေ့ပြောင်းအလုပ်သမား

November 13, 2018

ချင်းမိုင်တွင် ရွှေ့ပြောင်းအလုပ်သမ  ၁ ဦး မုဒိမ်းကျင့် အသတ်ခံရ

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ မယ့်လိမ်းမြို့နယ်ထဲမှာ မြန်မာရွှေ့ပြောင်း အလုပ်သမ တဦး မုဒိမ်းကျင့် အသတ်ခံခဲ့ရပါတယ်။ ရှမ်းပြည်နယ်၊ မိုင်းပန်ကနေထိုင်းမှာ အလုပ်လာလုပ်တဲ့ အသက် ၃၄ နှစ်ရွယ် အမျိုးသမီး တဦးဟာ မနေ့မနက်က မယ့်လဲမ်းရပ်ကွက်ရှိ သူမနေထိုင်ရာ အလုပ်သမားတန်းလျားနောက်မှာ မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရတာပါ။ သူမဟာ မနေ့မနက်စောစောက ထမင်းဟင်းထချက်ပြီးနောက် ပျောက်ဆုံးနေကြောင်း၊ အလုပ်ဆင်းချိန်ရောက်လို့ သူမကိုမတွေ့တာနဲ့ လိုက်ရှာတော့ အိမ်နောက်ဘက် ကားဂိုဒေါင်ထဲက ကားအဟောင်းတစီးထဲမှာ သေဆုံးနေတာတွေ့လို့ မိသားစုဝင်တွေက ရဲစခန်းကို အကြောင်းကြားခဲ့ ပါတယ်။ ရဲတွေက မှုခင်းဆရာဝန်တွေနဲ့အတူ လာရောက်စစ်ဆေးရာမှာ သေဆုံးသူဟာ အတွင်းခံ အင်္ကျီပြုတ်နေပြီး ခန္ဓာအောက်ပိုင်းမှာ ဗလာဖြစ်နေကြောင်း၊ သူမရဲ့ အမျိုးသမီးအင်္ဂါတ၀ိုက်မှာ မုဒိမ်းကျင့်ခံထားရတဲ့ပုံစံတွေ့ရကြောင်း၊ လည်ပင်းမှာတော့ တစုံတရာနဲ့ ရစ်ပတ်ခံထားရတဲ့ ဒဏ်ရာတွေ့ရလို့  သူဟာ လည်ပင်းညှစ်ခံထားရတဲ့ ဒဏ်ရာနဲ့ သေဆုံးကာ လွန်ခဲ့တဲ့ ၂ နာရီလောက်က သေဆုံးခဲ့ဟန်ရှိတယ်လို့ မယ့်လိမ်းမြို့နယ်ရဲတပ်ဖွဲ့ရဲ့ အပြောကို ကိုးကားပြီး ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ အိမ်သားတွေထွက်ဆိုချက်အရ သူမဟာ လွန်ခဲ့တဲ့ ၂ လကျော်က ခင်ပွန်းဖြစ်သူ စိုင်းယ (အသက် ၃၈ နှစ်)နဲ့ ပြတ်စဲထားပေမယ့် ခင်ပွန်းက ဒီလ ၈ ရက်နေ့က သူမထံပြန်လာပြီး ဆိုင်ကယ်ကို မီးရှို့သွားလို့ ရဲစခန်းမှာ အမှုဖွင့်ထားဖူးပါတယ်။ ဒါကြောင့် ဒီအမှုမှာ ရဲစခန်းက စိုင်းယကို လူသတ်မှုမှာ သံသယအရှိဆုံးသူအဖြစ် ပစ်မှတ်ထားပြီး လိုအပ်သလို စစ်ဆေးအရေးယူဖို့ အပူတပြင်း လိုက်လံရှာဖွေနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သေဆုံးသူအတွက် လိုအပ်တဲ့အကူအညီပေးဖို့ အခင်းဖြစ်ရာကို ရောက်သွားတဲ့ ချင်းမိုင် ၀ပ်ပါပေါက်နာရေးကူညီမှုအသင်းမှ စိုင်းတိုင်းထိန်က “သူ့ယောက်ျားက မူးယစ်ဆေးစွဲလို့ သူတို့ကွဲကြတယ်ပေါ့။ အရင်ပတ်က သူ့မိန်းမဆီ ပြန်လာတယ်။ မိန်းမက တံခါးမဖွင့်ပေးတော့ စိတ်ဆိုးပြီး သူ့မိန်းမဆိုင်ကယ်ကို မီးနဲ့ရှို့သွားတာ။ ရဲစခန်းမှာ အဲဒီအမှုရှိတယ်။ လွန်ခဲ့တဲ့ ၃ ရက်ကလည်း သူတို့အိမ်နားတ၀ိုက်မှာ ယောင်လည်လည် လာလုပ်နေတယ်၊  သူစားပြီး ပစ်ထားခဲ့တဲ့ ထမင်းထုတ်တွေလည်းတွေ့တယ်။ သူ့ခြေရာလက်ရာတွေလည်း တွေ့တော့ တအိမ်သားလုံးက သူသတ်တယ်လို့ပဲ ပြောတယ်ဗျ။” မုဒိမ်းကျင့်/လူသတ်မှု သံသယရှိသူ စိုင်းကောယ ခေါ် စိုင်းယဟာ ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ် ယန်းလွိုင်ကျေးရွာကဖြစ်ပြီး ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားကတ် ကိုင်ဆောင်ကာ တရားဝင် အလုပ်လုပ်နေသူဖြစ်ပါတယ်။
2 years Ago

October 17, 2018

မြန်မာအလုပ်သမားများ ပတ်စ်ပို့ ပျက်စီးပျောက်ဆုံးလျင် ထိုင်းတွင် ပြန်ထုတ်နိုင်

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေ ကိုင်ဆောင်ထားတဲ့ နိုင်ငံကူးလက်မှတ်တွေ ပျောက်ဆုံးပျက်စီးရင် မဟာချိုင်နဲ့ ချင်းမိုင်မြို့တို့မှာ အသစ်ပြန်လုပ်နိုင်ကြပြီ ဖြစ်ပါတယ်။ ထိုင်းတောင်ပိုင်းက မဟာချိုင်ဒေသမှာ မကြာခင်ဖွင့်မယ့် မြန်မာအလုပ်သမားရုံးနဲ့ ချင်းမိုင်မြို့က မြန်မာကောင်စစ်ဝန်ရုံးတို့မှာ ပျောက်ဆုံး ပျက်စီးသွားတဲ့ ပတ်စ်ပို့တွေကို ပြန်လုပ်နိုင်ကြမှာ ဖြစ်ပါတယ်။ ပတ်စ်ပို့ ပျောက်ဆုံးပျက်စီးသွားတဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသမှာ မကြာခင်  အလုပ်သမားရုံးဖွင့်ပြီး အသစ်ပြန်ထုတ်ပေးတော့မယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်ရဲ့ ဒုဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။ အဲ့ဒီရုံးမှာ မြန်မာနိုင်ငံကူးလက်မှတ်အသစ် ထုတ်ပေးမှာ မဟုတ်ဘဲ ထိုင်းမှာ အလုပ်လုပ်နေရင်း လက်မှတ်ပျောက်ဆုံးသွားတာ၊ ပျက်စီးသွားတာတွေကိုပဲ ပြန်ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဦးအောင်ကျော်က “ ဒီမှာက ပတ်စ်ပို့ ပျောက်တဲ့သူတွေ၊ ပျက်စီးသွားတဲ့သူတွေ အရမ်းများတယ်ဗျ၊ အဲ့လို ပျောက်ပြီ ပျက်ပြီဆိုရင် မြန်မာသံရုံးသွားပြီး ပတ်စ်ပို့ပြန်လုပ်ရတာ မလွယ်ဘူး။ ကြာတယ်၊ အလုပ်ပျက်ပြီး ဒုက္ခရောက်ကြတယ်လေ၊ အခုတော့ မြန်မာအလုပ်သမားဝန်ကြီးဌာနနဲ့ ထိုင်းတို့ညှိပြီး ဆာမွတ်ဆာခွန်းခရိုင်မှာ ရုံးလာဖွင့်ပြီး ပျက်စီးပျောက်ဆုံးတွေကို ပြန်လုပ်ပေးမှာ။” ဆာမွတ်ဆာခွန်းခရိုင်ရုံး တရုံးပဲ ဖွင့်မှာဖြစ်ပြီး ပတ်စ်ပို့ ပျောက်ဆုံးပျက်စီးတဲ့ မြန်မာအလုပ်သမားတွေ အနေနဲ့ အဲ့ဒီရုံးကိုပဲ သွားရောက်ပြီး အသစ်ပြန်လုပ်ရမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသက ဆာမွတ်ဆာခွန်းခရိုင်မှာ မြန်မာအလုပ်သမား ၄ သိန်းလောက် အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့က မြန်မာကောင်စစ်ဝန်ရုံးမှာလည်း ပတ်စ်ပို့ သက်တမ်းတိုးတာ ပျောက်ဆုံး ပျက်စီး လျှောက်ထားတွေကို ပြီးခဲ့တဲ့ သြဂုတ်လကတည်းက လုပ်ဆောင်ပေးနေပါတယ်။ ချင်းမိုင်၊ လန်ဖွန်း၊ လန်ပန်း၊ ဥတရာဒစ်၊ ဖရာဒယ်၊ နမ်ပြည်၊ ဖရာအို၊ ချင်းရိုင်နဲ့ မယ်ဟောင်ဆောင်ခရိုင်တွေမှာ တရားဝင် လာအလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေကို သက်တမ်းတိုး လျှောက်ထားတာ၊ ပျောက်ဆုံး ပျက်စီး လျှောက်ထားတာ၊ မြန်မာနိုင်ငံသား မိဘကမွေးတဲ့ မွေးကင်းစကလေးတွေအတွက် မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားတာ၊ ထောက်ခံစာ ထုတ်ပေးတာတွေ လုပ်ဆောင်ပေးနေတယ်လို့  ကောင်စစ်ဝန်ရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
2 years Ago
More News
Up