ရွှေ့ပြောင်းဒုက္ခသည်

July 9, 2019

ကုန်တင်ကားထဲ လိုက်ပါလာသည့် ရွှေ့ပြောင်းဒုက္ခသည် ၅၁ ဦးကို မက္ကဆီကိုရဲ ကယ်ဆယ်

မက္ကဆီကိုနိုင်ငံ ဇာကာတိတ်ကတ်စ်ပြည်နယ်မှာ ဇူလိုင် ၇ ရက်နေ့က ကုန်တင်ကား နောက်တွဲတခုထဲမှာ ကျပ်ကျပ်သိပ်သိပ် လိုက်ပါလာတဲ့ ရွှေ့ပြောင်းဒုက္ခသည် ၅၁ ယောက်ကို ရဲတွေက ကယ်ဆယ်ခဲ့တယ်လို့ မက္ကဆီကို ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ကုန်တင်ကား နောက်တွဲထဲမှာ လူတွေ ပုန်းခိုလိုက်ပါလာတာကို X-ray စစ်ဆေးရေးစက်နဲ့ စစ်ဆေးလိုက်တဲ့အခါ တွေ့ခဲ့ရတာပါ။ လက်ရှိမှာတော့ အဲဒီ ရွှေ့ပြောင်းဒုက္ခသည်တွေကို မက္ကဆီကို အမျိုးသားဒုက္ခသည်ဆိုင်ရာ အဖွဲ့ဆီကို လွှဲအပ်ထားပါတယ်။ အဲဒီအဖွဲ့က သူတို့ကို သက်ဆိုင်ရာနိုင်ငံအသီးသီးဆီ ပြန်ပို့ဖို့ ဆက်လုပ်သွားမယ်လို့ အစီရင်ခံစာက ပြောပါတယ်။ မက္ကဆီကိုအနေနဲ့ အမေရိကန်ကို ဦးတည် ခရီးနှင်လာတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေ စီးဝင်တာကို ဟန့်တားပေးမယ်ဆိုရင် မက္ကဆီကို ပို့ကုန်တွေအပေါ် အခွန်စည်းကြပ်တာ ဖြေလျော့ပေးဖို့ အမေရိကန်နဲ့ သဘောတူထားပါတယ်။ အဲဒီသဘောတူညီချက်အရ မက္ကဆီကို အစိုးရက နယ်စပ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နေရာချထားတာ အပါအဝင် နိုင်ငံတွင်း ရွှေ့ပြောင်းဒုက္ခသည်တွေ တရားမဝင် ဝင်ရောက်လာတာကို စည်းကမ်းတင်းကျပ်နေပါတယ်။
2 years Ago

June 18, 2019

တူရကီ ကမ်းလွန်တွင် ရွှေ့ပြောင်းဒုက္ခသည်လှေ နစ်မြုပ်၊ ၈ ဦး သေဆုံး

တူရကီအနောက်ဘက် ကမ်းရိုးတန်းရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ဇွန် ၁၇ ရက်နေ့က ရွှေ့ပြောင်းဒုက္ခသည်တွေ လိုက်ပါစီးနင်းလာတဲ့ ရော်ဘာလှေတစီး နစ်မြုပ်ခဲ့ပါတယ်။ ဒါကြောင့် လူ ၈ ယောက်သေဆုံးခဲ့ပြီး  ၃၁ ယောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ နိုင်ငံပိုင် သတင်းဌာန Anadolu က ဖော်ပြပါတယ်။ မူဂ်လာပြည်နယ် ဘိုဒရမ်ခရိုင် ကမ်းလွန်ပင်လယ်ပြင်က ဒုက္ခသည်လှေနစ်မြုပ်တဲ့နေရာမှာ ကမ်းခြေစောင့်တပ်ဖွဲ့က လှေနှစ်စီး၊ ရေငုပ်အဖွဲ့တဖွဲ့၊ ရဟတ်ယာဉ်တစီးနဲ့ ကယ်ဆယ်ရေး လုပ်နေတယ်လို့ အဲဒီသတင်းဌာနက ပြောပါတယ်။ အဲဒီရော်ဘာလှေပေါ်မှာ စုစုပေါင်း ဒုက္ခသည်အယောက် ၄၀ လိုက်ပါလာပြီး လက်ရှိမှာ အလောင်း ၈ လောင်း ရှာတွေ့ထားပါတယ်။ ဥရောပသမဂ္ဂနိုင်ငံတွေဆီကို ပင်လယ်ရေကြောင်းကနေသွားဖို့ ကြိုးစားကြတဲ့ နေရပ် ရွှေ့ပြောင်းသူတွေအတွက် တူရကီနိုင်ငံက အဓိကဝင်ပေါက်နိုင်ငံ ဖြစ်လာခဲ့တာ ၂၀၁၅ ကတည်းကပါ။ အဲဒီရွှေ့ပြောင်းဒုက္ခသည် အများစုဟာ ဆင်းရဲနွမ်းပါးမှုနဲ့ ပဋိပက္ခတွေကြောင့် အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတွေကနေ ထွက်ပြေးလာကြသူတွေပါ။
2 years Ago
More News
Up