ရွှေသတ္တုတွင်း

A d v e r t i s e m e n t With Us

October 7, 2015

နီကာရာဂွါ တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်၊ ရဲတပ်ဖွဲ့ဝင် ၁ ဦးသေဆုံး

နီကာရာဂွါနိုင်ငံက ရွှေသတ္တုတွင်းမှာ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား အောက်တိုဘာ ၆ ရက်နေ့က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးကာ ၂၃ ဦး ဒဏ်ရာရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ကနေဒါကုမ္ပဏီ ဘီတူးဂိုးလ်ဒ် (B2Gold) ကော်ပိုရေးရှင်းပိုင် သတ္တုတွင်းမှာ အလုပ်သမားတွေနဲ့ အငြင်းအခုန်ဖြစ်လို့ လုပ်ငန်း ရပ်ဆိုင်းခဲ့ပါတယ်။ ရုန်းရင်းဆန်ခတ်မှုအတွင်း အရပ်သား ၈ ဦးလည်း ဒဏ်ရာရတယ်လို့ ရဲညွှန်ချုပ် အမင်တာ ဂရာနေရာက ပြောပါတယ်။ အလုပ်သမားတွေကို တခြားသတ္တုတွင်းကနေ ဒီသတ္တုတွင်းဆီ သယ်ယူ ပို့ဆောင်ပေးတဲ့ ကုမ္ပဏီပိုင် ဘတ်စ်ကားကို ဆန္ဒပြသူတွေက တုတ်တွေ၊ ခဲတွေ၊ ဓာတ်ဆီပုလင်းဗုံးတွေနဲ့ တိုက်ခိုက်ခဲ့လို့ ရဲတွေက ကာကွယ်ပေးနေခဲ့တာလို့ သူက ဆက်ပြောပါတယ်။ အယ်လ်လီမွန် သတ္တုတွင်းဟာ မြို့တော်ကနေ ၈၉ မိုင်အကွာမှာ ရှိတာပါ။ တိုက်ခိုက်မှုအတွင်း မြို့နယ်ရဲစခန်း၊ ရဲကားတစီး၊ ကုမ္ပဏီပိုင် ဘတ်စ်ကားတစီးနဲ့ ကား ၃ စီးတို့ ပျက်စီးခဲ့တယ်လို့လည်း ပြောပါတယ်။ တရားမဝင် ပိတ်ဆို့မှုတွေကြောင့် သတ္တုတွင်းကို ပိတ်ထားရတာ သီတင်းပတ် တပတ်ကျော်ပြီ၊ လုပ်ငန်းရပ်ဆိုင်းရလို့ ဒေါ်လာတသန်းလောက် ဆုံးရှုံးတယ်လို့ ကော်ပိုရေးရှင်း ပြောခွင့်ရက အောက်တိုဘာ ၅ ရက်နေ့က ပြောပါတယ်။ ဘီတူးဂိုးလ်ဒ် ကော်ပိုရေးရှင်းကတော့ သေဆုံးသူရဲ့ မိသားစုတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေအတွက် စာနာကြောင်းနဲ့ လူ့အဖွဲ့အစည်းအတွင်း တည်ငြိမ်ဖို့နဲ့ တရားဥပဒေ စိုးမိုးဖို့ ဆော်သြတဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
5 years Ago
Up