ရွှေဘိုအကျဉ်းထောင် ဆူပူမှု မျက်ရည်ယိုဗုံးများဖြင့် လူစုခွဲ၊ လုံခြုံရေးအင်အား ထပ်ဖြည့်

May 9, 2019

ရွှေဘိုအကျဉ်းထောင် ဆူပူမှု ထိန်းသိမ်းနိုင်ပြီဟု ၀န်ကြီးချုပ်ပြော

ရွှေဘိုအကျဉ်းထောင် ဆူပူ ဆန္ဒပြပွဲကို ဒီနေ့ နေ့လယ် ထိန်းသိမ်းနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့  စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်က ပြောပါတယ်။ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က “၀န်ထမ်းတွေ အားလုံး သတိ ၀ိရိယနဲ့ နေပေးဖို့။ အခြေခံလူ့အခွင့်အရေးအနေနဲ့ အပြစ်ပြောစရာမရှိအောင် ထိန်းနိုင်အောင်လို့ ကိုယ်ထားခဲ့တယ်။ ဆရာ့အနေနဲ့လည်း မပြန်သေးဘူး၊ နောက်ဖြစ်လာနိုင်စရာလေးတွေ ရှိမလားဆိုပြီး ဒီမှာ တရက် နှစ်ရက် နေဦးမယ်။ မနက်ဖြန်သောကြာဆိုတော့ ဒီနေရာမှာ ထပ်ကြည့်ရဦးမှာဆိုတော့ ဆရာကိုယ်တိုင် ဒီမှာ ကြီးကြပ်ပြီး လုပ်သွားမယ်။ သူတို့က တန်းတူညီမျှအခွင့်အရေးပေါ့။ ဒါကိုလည်း အကုန်တင်ပေးမှာပဲ။ သူတို့တောင်းဆိုချက်တွေ အကုန်လုံး ရေးပါလို့ ပြောထားပြီးသားပဲ။” ထိခိုက်ဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်ပြီးလည်း ၀န်ကြီးချုပ်က မနေ့က ဆူပူမှုမှာတော့ ၄ ယောက်သေဆုံးခဲ့ပြီး ဒီနေ့ နေ့လယ်ပိုင်း ဆူပူမှု ထိန်းသိမ်းရာမှာတော့  ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ပြောပါတယ်။ “ဒီနေ့ ထိန်းသိမ်းရာမှာ ဘာမှ ဒဏ်ရာရတာ မရှိဘူးလို့ သိရတယ်လေ။  ဆရာလည်း အခု အဆောင်တွေ လှည့်ပတ်ကြည့်ခဲ့တယ်။ အပေါ်ခြောက်လုပ်တာ။ အခုက ထိန်းသိမ်းနိုင်သွားပြီ။” ရွှေဘိုအကျဉ်းထောင်မှာ မေ ၈ ရက်နေ့ ညနေပိုင်းက ဆူပူမှုတွေ ဖြစ်ခဲ့ပြီး အကျဉ်းထောင်လုံခြုံရေးတွေက ပစ်ခတ်ဟန့်တားခဲ့လို့ အကျဉ်းသား ၄ ဦး သေဆုံးခဲ့ကာ ဒီနေ့ နေ့လယ်ပိုင်းအထိ ၂၂ နာရီကြာ ထောင်တွင်း ဆူပူမှု ဖြစ်ပွားခဲ့ပြီး မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်လူစုခွဲခဲ့ရတာပါ။ ဒီနေ့ နေ့လယ် ဆူပူ ဆန္ဒပြမှုကို ထိန်းသိမ်းခဲ့ပြီးနောက် ၀န်ကြီးချုပ်က သတင်းထောက်တွေကို ထောင်တွင်းအခြေအနေနဲ့ အကျဉ်းသားတွေဆီက သိမ်းဆည်းရခဲ့တဲ့ လက်နက်မျိုးစုံအား ပြသခဲ့တယ်လို့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။ ရွှေဘိုအကျဉ်းထောင်တွင်းမှာ သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်မှာ မပါတဲ့ အကျဉ်းသားတွေက သူတို့ကိုလည်း တန်းတူ အခွင့်အရေးပေးပြီး ပြန်လွှတ်ပေးဖို့ ဆူပူ တောင်းဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။ ရွှေဘိုအကျဉ်းထောင် ဆူပူ ဆန္ဒပြပွဲကို ထိန်းသိမ်းရာမှာ စုစုပေါင်း လုံခြုံရေးအင်အား ၃၀၀ လောက် အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ အောင်ကိုလတ်
2 years Ago

ရွှေဘိုအကျဉ်းထောင် ဆူပူမှု မျက်ရည်ယိုဗုံးများဖြင့် လူစုခွဲ၊ လုံခြုံရေးအင်အား ထပ်ဖြည့်

မနေ့ညနေပိုင်းကတည်းက ဆူပူမှုဖြစ်နေတဲ့ ရွှေဘိုအကျဉ်းထောင်မှာ လုံခြုံရေးတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေသုံးပြီး အကျဉ်းသားတွေကို လူစုခွဲနေတယ်လို့ အကျဉ်းထောင်ရှေ့ရောက်နေတဲ့ ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။ မွန်းလွဲ ၂ နာရီခွဲအချိန်ထိ အိပ်ဆောင် ၁၊  ၂၊ အမျိုးသမီးဆောင်က ဆန္ဒပြသူတွေ အိတ်ဆောင်ထဲဝင်ရောက်သွားလို့ သော့ခတ်ပြီး ငြိမ်နေပြီ ဖြစ်ပေမယ့် အိပ်ဆောင် ၃ ကတော့ ဆက်ပြီး ဆူပူ ဆန္ဒပြနေကြဆဲဖြစ်ကာ ပစ်ခတ်သံတွေလည်း ကြားနေရတယ်လို့ ဆိုပါတယ်။ သတင်းထောက်တွေကိုတော့ လုံခြုံရေးအရ အကျဉ်းထောင်ထဲ ၀င်ခွင့်မပေးဘူးလို့ ပြောပါတယ်။ ဒီနေ့မနက်ပိုင်းက စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေ အကျဉ်းထောင်အတွင်း ၀င်ရောက်ကာ ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှု မရရှိခဲ့ပါဘူး။ မွန်းလွဲ ၂ နာရီခွဲမှာလည်း စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေ အကျဉ်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ထောင်ထဲ ၀င်ရောက်သွားတယ်လို့ ဆိုပါတယ်။ သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်မှာ မပါတဲ့ အကျဉ်းသားတွေက သူတို့ကိုလည်း တန်းတူ အခွင့်အရေးပေးပြီး ပြန်လွှတ်ပေးဖို့ ဆူပူ တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။ မနေ့ညနေပိုင်း အကျဉ်းသားတွေ ဆူပူမှုအတွင်း ထောင်အာဏာပိုင်တွေက သေနတ်နဲ့ ပစ်ဖောက်ဟန့်တားခဲ့လို့ အကျဉ်းသား ၄ ဦးသေဆုံးသွားပါတယ်။ လက်ရှိမှာ လုံခြုံရေးအင်အား ၁၀၀ လောက် ထပ်ဖြည့်ထားရပြီး စုစုပေါင်း လုံခြုံရေးအင်အား ၃၀၀ လောက်ရှိတယ်လို့ သိရပါတယ်။
2 years Ago
Up