ရွှေဘိုမြို့တွင် အနုကြမ်းစီးပစ္စည်းလုယက်မှုဖြစ်ပွား

December 13, 2017

ရွှေဘိုမြို့တွင် အနုကြမ်းစီးပစ္စည်းလုယက်မှုဖြစ်ပွား

  စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ အမှတ် ၂ ရပ်ကွက်မှာ ဒီဇင်ဘာ ၁၂ ရက်မနက်  ၂ နာရီလောက်က  နေအိမ်တစ်အိမ်အား အနုကြမ်းစီးပြီး ပစ္စည်းလုယက်မှုဖြစ်ပွားခဲ့ပါတယ်။ အိမ်ပိုင်ရှင် ဦးသာမွှေးနဲ့ ဇနီးဖြစ်သူ ဒေါ်တင်မာနွယ်တို့ အိမ်အောက်ထပ်မှာ အိပ်ပျော်နေစဉ် နေအိမ်အပေါ်ထပ်မှာ အိပ်ပျော်နေသူ သမီးဖြစ်သူ ၂ ဦးနဲ့ ယောက်မဖြစ်သူတို့ အော်သံကြားရာမှ ဒေါ်တင်မာနွယ်က တက်ကြည့်ရာလှေကားမှဆင်းလာတဲ့ အမည်မသိသူ တစ်ဦးက ဒေါ်တင်မာနွယ်ရဲ့ လည်ပင်းကို ဓားနဲ့ထောက်ပြီး အိမ်ရှင်ဖြစ်သူ ဦးသာမွှေးကို ရှေ့မတိုးဖို့ ခြိမ်းခြောက်ခဲ့တယ်လို့ ရွှေဘိုမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အဲဒီနောက် အိမ်ရှင်နဲ့ ဓါးကိုင်အနုကြမ်းစီးသူတို့ နေအိမ်အောက်ထပ်မှာ လုံးထွေး သတ်ပုတ်ကြရာ အိမ်ရှင်အပါဝင် ဇနီးနဲ့ သမီးဖြစ်သူမှာ ဓားဒါဏ်ရာတွေရရှိခဲ့ပြီး သမီးဖြစ်သူ ဝတ်ဆင်ထားတဲ့ ၁ ကျပ်သား ရွှေဆွဲကြိုးကိုဖြုတ်ယူကာ ထွက်ပြေးသွားတယ်လို့ဆိုပါတယ်။ ရွှေဘိုမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက "အိမ်ရှင်တွေ ဒဏ်ရာကတော့ သိပ်မစိုးရိမ်ရ ပါဘူး။ လတ်တလော တရားခံဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေပါတယ်" လို့ ပြောပါတယ်။ အခုလို အနုကြမ်းစီးပြီး ပစ္စည်းလုယက်ယူသွားသူကို အိမ်ရှင်ဖြစ်သူ ဦးသာမွှေးက တရားလိုပြုလုပ်ကာ ရွှေဘိုမြို့မရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၉၄နဲ့ အမှုဖွင့်ထား ပါတယ်။ သတင်း - ရန်နိုင်စိုး
3 years Ago
Up