ရွှေထည်ပစ္စည်းများ လုယူ

January 12, 2019

ညအိပ်တည်းခိုသူ ၂ ဦးက အိမ်ရှင်အမျိုးသမီးကိုသတ်၍ ရွှေထည်ပစ္စည်းများ လုယူ

ကချင်ပြည်နယ် ရွှေကူမြို့မှာ ညအိပ်တည်းခိုသူ အမျိုးသား ၂ ယောက်က အိမ်ရှင်အမျိုးသမီးကို သတ်ပြီး ငွေကျပ် သိန်း ၂ဝဝ ကျော်တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေ လုယူသွားခဲ့ပါတယ်။ ရွှေကူမြို့ အမှတ် ၃ ရပ်ကွက်မှာ ဇန်နဝါရီ ၁၁ ရက်နေ့က ဖြစ်ခဲ့ပြီး တရားခံတွေကို သိရှိပြီး ဖြစ်လို့ လိုက်လံဖမ်းဆီးနေတယ်လို့ စခန်းမှူးက ပြောပါတယ်။ အဲဒီညက အသက် ၄၃ နှစ်အရွယ် ဒေါ်အိအိခိုင်နဲ့ အသက် ၁၁ နှစ်အရွယ် သမီးဖြစ်သူ မလင်းဇာကြည်ထွန်းခိုင်တို့ အတူအိပ်နေခဲ့ပြီး မနက်အစောပိုင်း ၁ နာရီခွဲလောက်မှာ မိခင်ကို မတွေ့လို့ လိုက်ရှာရာမှာ တခြားအခန်းက ကုတင်ပေါ်မှာ မိခင်ဖြစ်သူ လဲကျနေတာကိုတွေ့လို့ အစ်ကိုနဲ့ အတူ သွားရောက်ကြည့်ရှုခဲ့ပါတယ်။ မိခင်ဖြစ်သူဟာ နှာခေါင်းမှာ သွေးတွေယိုထွက်ပြီး သတိမေ့နေလို့ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပြီး ရွှေကူ ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသတုန်းမှာ သေဆုံးသွားတယ်လို့ တိုင်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီအချိန်မှာ လွန်ခဲ့တဲ့ ၃ ရက်လောက်က အိမ်ကို ရောက်ရှိတည်ခိုနေတဲ့ မိခင်ရဲ့ မိတ်ဆွေ အမျိုးသားလူငယ် ၂ ယောက်ဟာ အိမ်ကနေ ထွက်သွားတယ်လို့ ဆိုပါတယ်။ တိုင်ချက်မှာ ဒေါ်အိအိခိုင် ဝတ်ထားတဲ့ ရွှေထည်ပစ္စည်းတွေအပါအဝင် ဖုန်း ၃ လုံး၊ စုစုပေါင်း ငွေကျပ် သိန်း ၂ဝဝ ကျော်ဖိုးလောက်ကို ယူဆောင်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။ ရွှေကူမြို့မ ရဲစခန်းမှူး ဒုရဲမှူးဟန်မွှေးက “သူတို့က ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း ဒီအိမ်မှာ ၈ ရက်အိပ်ဖူးတယ်။ အခုကတော့ ၃ ရက်မြောက်မှာ ဖြစ်တာ။ အဲကောင်လေးတွေက ရွှေကူက တည်းခိုခန်းတခုမှာ တည်းနေရင်း အကြွေး ၉ သောင်းလောက် တင်နေသလို အခန်းလည်း မအပ်ခဲ့ဘူး။ အဲဒီတည်းခိုခန်းကနေ သူတို့ဟာ စစ်ကိုင်းတိုင်းက ဆိုတာကို သိရတယ်” လို့ ပြောပါတယ်။ [gallery ids="308307"] အမှုစစ်ဆေးချက်အရ အမျိုးသမီးကို ခေါင်းအုံးနဲ့ ဖိပြီးသတ်တာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။ “လတ်တလောကတော့ သူတို့ဟာ ရွှေကူမြို့ထဲမှာပဲ ရှိနေတာကို သိရပါတယ်။ မြို့ထဲမှာ လိုက်ရှာနေသလို သူတို့ရဲ့ ဓာတ်ပုံတွေကိုထုတ်ပြီး စခန်းပေါင်း ၇၀ ကျော်ကို ဖြန့်ဖို့ လုပ်နေပါတယ်။ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်က အချက်အချာကျတဲ့ စခန်းတွေပေါ့” လို့လည်း စခန်းမှူးက ပြောပါတယ်။ ကျူးလွန်သူလို့ ယူဆရတဲ့ ၂ ယောက်ထဲက တယောက်ဟာ စစ်ကိုင်းတိုင်းထဲမှာ ပြစ်ချက်ဟောင်းတွေရှိသူဖြစ်ပြီး ဒေါ်အိအိခိုင်နဲ့ ပိုပြီးရင်းနှီးတဲ့ နောက်တယောက်ကတော့ အမျိုးသမီးတွေနဲ့ ရှုပ်ပွေသူ တယောက်ဖြစ်တယ်လို့လည်း ပြောပါတယ်။
2 years Ago
Up