ရွှေတွင်း

April 2, 2019

ပီရူးရှိ ရွှေတွင်းတခု တူးဖော်စဉ် အဆိပ်သင့်အငွေ့ထွက်ပြီး အမျိုးသား ၈ ဦး သေဆုံး

ပီရူးနိုင်ငံအတွင်း သတ္တုတူးဖော်ဖို့ ခွင့်မပြုထားတဲ့ ရွှေတွင်းတခုထဲမှာ ဥမင်တူးနေတုန်း အဆိပ်သင့်အငွေ့တွေ ထွက်လာအပြီး အမျိုးသားရှစ်ဦး အသက်ရှူကျပ် သေဆုံးတယ်လို့ ဒေသခံမီဒီယာက မတ်လ ၃၁ ရက်မှာ ဖော်ပြပါတယ်။ ဥမင်ထဲမှာ သူတို့အုပ်စု ခေါင်းမူးခေါင်းကိုက် ဖြစ်ခဲ့တယ်လို့ အသက်ရှင်ကျန်ရစ်သူ တဦးတည်းသော တွင်းသား ဆီဇာ ရွန်ဒိုက ဒေသခံရုပ်သံ RPP ကို ပြောပါတယ်။ ရွန်ဒိုကတော့ သူ့ဟာသူ တွင်းထဲကနေ ကြိုးစားပမ်းစား ထွက်လာနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူ့ညီအစ်ကိုတွေနဲ့ လုပ်ဖော်ကိုင်ဘက်တွေကတော့ တွင်းထဲမှာ ကျန်ရစ်လို့ အသက်ဆုံးရှုံးခဲ့ပါတယ်။ ပီရူးနိုင်ငံမြောက်ပိုင်း ဟွာမာချူကိုမြို့က ဒီရွှေတွင်းကို ဘယ်သူပိုင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ပီရူးနိုင်ငံမှာ တရားမဝင် သတ္တုတွင်းတွေ အတော်များများ ရှိပါတယ်။ ဥပဒေပြင်ပ သတ္တုတူးဖော်မှုတွေနဲ့ မတော်တဆမှုတွေ၊ ညစ်ညမ်းမှုတွေနဲ့ လုပ်သားအခွင့်အရေး ချိုးဖောက်မှုတွေ ပတ်သက်ဆက်စပ်နေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
3 years Ago

February 17, 2019

ရေလွှမ်း ဇင်ဘာဘွေ ရွှေတွင်းထဲမှ လုပ်သားအလောင်း ၂၂ လောင်း တွေ့ရှိ

ဇင်ဘာဘွေနိုင်ငံ ဟာရာရဲ ပြည်နယ် အနောက်ခြမ်းက တရားမဝင် ရွှေတွင်းတခုမှာ ဒီသီတင်းပတ် အစောပိုင်းက ရေလွှမ်းခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာတော့ ကယ်ဆယ်ရေး သမားတွေဟာ တွင်းသားအလောင်း ၂၂ လောင်း ထက်မနည်း ဆွဲထုတ်နိုင်ခဲ့ပါတယ်။ တွင်းသား ၈ ယောက်ကိုတော့ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တာပါ။ ဆွေမျိုးတွေနဲ့ တခြား တွင်းသားတွေဟာ သတ္ထုတွင်း ဧရိယာထဲမှာ စခန်းချပြီး သူတို့ ချစ်ခင်သူတွေ လုပ်ဖော်ကိုင်ဖက်တွေရဲ့ သတင်းကို စောင့်ဆိုင်းနေခဲ့ပါတယ်။ တချို့ကတော့ သတင်းအချက်အလက် မရလို့ စိတ်ပျက်ကြောင်း ပြခဲ့ကြပါတယ်။ မြို့တော် ကနေ အနောက်ဘက် ၁၀၉ မိုင်အကွာက သတ္ထုတွင်းထဲမှာ ဖေဖော်ဝါရီ ၁၂ ရက်က မတော်တဆ ဖြစ်ချိန်တုန်းက တွင်းသား အယောက် ၇၀ လောက် ရှိနေခဲ့တာပါ။ ဇင်ဘာဘွေ နိုင်ငံဟာ မနှစ်က ရွှေချောင်း တန်ချိန် ၃၃ တန်ထိ စံချိန်တင် ထွက်ရှိခဲ့ပြီး ဒီသတ္ထုတွင်းကလည်း ဒီစံချိန်ထဲမှာ ပါဝင်ခဲ့ပါတယ်။ Battlefields ဒေသနဲ့ အနားဝန်းကျင်တွေဟာ ရွှေသိုက်ကြွယ်ဝလို့ မာခိုရိုခိုဇာလို့ ခေါ်တဲ့ ရွှေတူးသူတွေကြားမှာ လူကြိုက်များပါတယ်။ မြေတွေပျော့နေလို့ မိုးရာသီမှာ အလွယ်တကူ မြေပြိုလေ့ ရှိပါတယ်။
3 years Ago
Up