ရွှေတံဆိပ်

December 8, 2018

မြန်မာတက္ကသိုလ်ခြင်းလုံးအသင်း ပထမဆုံး ရွှေတံဆိပ်ဆု ဆွတ်ခူး

အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ ဖွင့်ပွဲမစတင်ခင် ဒီဇင်ဘာလ ၈ ရက်နေ့က ခြင်းလုံးပြိုင်ပွဲတွေ စတင်ကျင်းပခဲ့ပြီး မြန်မာတက္ကသိုလ်ခြင်းလုံးအသင်းက ပထမဆုံး ရွှေတံဆိပ်ဆု စတင်ယူပေးနိုင်ခဲ့ပါတယ်။ ဒီရွှေတံဆိပ်ဆုဟာ ၁၉ ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအတွက် ပထမဆုံး ရွှေတံဆိပ်ဆုလည်း ဖြစ်ပါတယ်။ ရိုးရာခြင်းပြိုင်ပွဲမှာ ၄ နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာက ရွှေတံဆိပ်၊ လာအိုက ငွေတံဆိပ်နဲ့ ထိုင်းက ကြေးတံဆိပ်ရရှိခဲ့ပါတယ်။ မြန်မာတက္ကသိုလ်လက်ရွေးစင် ပိုက်ကျော်ခြင်းနဲ့ ခြင်းလုံးအားကစားနည်းတွေဟာ မြန်မာနိုင်ငံအတွက် အားထားရတဲ့ အားကစားနည်းတွေဖြစ်ပြီး ရိုးရာခြင်းကနေ ရွှေ ၂ ဆုနဲ့ ပိုက်ကျော်ခြင်းကနေ ရွှေနှစ်ဆု မျှော်မှန်းထားတယ်လို့ မြန်မာနိုင်ငံပိုက်ကျော်ခြင်းနှင့် ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုးနိုင်က ပြောကြားထားပါတယ်။ နေပြည်တော်မှာ ဒီဇင်ဘာ ၁၀ ရက်မှာ ၁၉ ရက်ထိ ကျင်းပမယ့် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲမှာ ကစားနည်း ၁၇ မျိုး ထည့်သွင်းကျင်းပသွားမှာဖြစ်ပြီး အာဆီယံနိုင်ငံ အသီးသီးက တကက္ကသိုလ် ကျောင်းသားကျောင်းသူ ၁၄၆၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။   ထက်လူ
3 years Ago

October 30, 2018

အီဂျစ်နိုင်ငံတကာ ကြက်တောင်ရိုက်ပြိုင်ပွဲတွင် မသက်ထားသူဇာ ရွှေတံဆိပ်​ဆုရ

အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော်မှာ ​အောက်​တိုဘာ ၂၈ ရက်က ကျင်းပတဲ့ 2018 BWF International Series နိုင်ငံတကာ ကြက်တောင်ရိုက်ပြိုင်ပွဲ တဦးချင်းဖိုင်နယ်မှာ မြန်မာနိုင်ငံက မသက်ထားသူဇာက ပထမ ရွှေတံဆိပ်​ဆု ရရှိသွားပါတယ်။ ဒီပြိုင်ပွဲမှာ မသက်ထားသူဇာဟာ ဂျော်ဒန်နဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံက ပြိုင်ဘက်တွေကို နှစ်ပွဲပြတ်စီနဲ့ အနိုင်ရကာ ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပြီး ကွာတားဖိုင်နယ်မှာ ဟန်ဂေရီက ပြိုင်ဘက် အန်းဂျနက်စ် ကာရိုစီကို ၂၁-၁၈၊ ၂၁-၁၅ နဲ့ နှစ်ပွဲပြတ် အနိုင်ရခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာလည်း  မလေးရှားနိုင်ငံက ပြိုင်ဘက် လက်ရှာနာ ကာရူပါ သဗန်ကို ရမှတ် ၂၁-၁၈၊ ၂၃-၂၁ နဲ့ နှစ်ပွဲပြတ်အနိုင်ရကာ နောက်ဆုံးဗိုလ်လုပွဲ တက်ရောက်သွားပြီး ဗိုလ်လုပွဲမှာတော့ ဘီလာရုစ် ကစားသမားက ဒူးဒဏ်ရာကြောင့် ဝင်မပြိုင်နိုင်တော့လို့ မြန်မာက  ပထမ ရွှေတံဆိပ်ဆု ရရှိသွားခဲ့တာပါ။ ဒီပြိုင်ပွဲမှာ မြန်မာက ပထမရွှေတံဆိပ်၊ ဘီလာရုစ်က ဒုတိယ ငွေတံဆိပ်နဲ့ တတိယ ကြေးတံဆိပ်ဆုကိုတော့ မလေးရှားနဲ့ ဆွစ်ဇာလန်က ပူးတွဲရရှိသွားပါတယ်။ မသက်ထားသူဇာဟာ အာဖရိကမှာ ပြီးခဲ့တဲ့ ဇွန်လက ကျင်းပခဲ့တဲ့ Mauritius International Future Series 2018 ပြိုင်ပွဲမှာလည်း မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစား ကိုယ်စားပြု ဝင်ပြိုင်ခဲ့ပြီး တတိယဆု ရရှိခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ် မသက်ထားသူဇာဟာ Myanmar Imperial ကောလိပ်မှာ စီးပွားရေးစီမံခန့်ခွဲမှုဘာသာနဲ့ B.A (Hons:) တက်ရောက်ပညာသင်ယူနေသူ ဖြစ်ပါတယ်။
3 years Ago
More News
Up