ရွှေတုံးအတု လိမ်လည်ရောင်းချသူ တရုတ် ၃ ဦးကို ဖမ်းဆီး

July 11, 2015

ရွှေတုံးအတု လိမ်လည်ရောင်းချသူ တရုတ် ၃ ဦးကို ဖမ်းဆီး

ရွှေတုံးအတုတွေ လိမ်လည်ရောင်းချသွားတဲ့ တရုတ်နိုင်ငံသား ၃ ဦးကို ဖော်ထုတ် ဖမ်းဆီး ရမိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ သံသယရှိတဲ့ တရုတ်နိုင်ငံသား ၂ ဦးရဲ့ လှုပ်ရှားမှုတွေကို လိုက်လံစောင့်ကြည့်ခဲ့ပြီး စစ်ဆေးခဲ့ရာမှာ သူတို့ သယ်ဆောင်လာတဲ့ အိတ်အတွင်း မြန်မာငွေ ကျပ်သိန်း ၁၂၀၀ နဲ့ အမေရိကန်ဒေါ်လာ ၁ သိန်းကို တွေ့ရှိခဲ့တယ်လို့ ဇူလိုင် ၁၁ ရက် နေ့စွဲနဲ့ ရန်ကုန် ရဲတပ်ဖွဲ့ရဲ့ လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားပါတယ်။ တရုတ်နိုင်ငံသား ၂ ဦးကို ဆက်လက် စစ်ဆေးမေးမြန်းချက်အရ ဒီငွေကြေးတွေကို သူတို့ ပိုင်ဆိုင်ကြောင်း အထောက်အထား မပြနိုင်သလို တခြား တရုတ်နိုင်ငံသားတဦး ထပ်မံပါဝင်တယ်ဆိုတာကို သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီငွေတွေဟာ ဇူလိုင် ၈ ရက်က အလုံမြို့နယ်၊ ဌာနရပ်ကွက်အတွင်းရှိ နေအိမ်တအိမ်မှာ ရွှေလို့ထင်ရတဲ့ အတုံး ၂၁၉ တုံးနဲ့ အန်းကုံးရုပ် ၆ ခုတို့ကို အမေရိကန်ဒေါ်လာ ၁ သိန်း၊ မြန်မာငွေကျပ်သိန်း ၁၂၀၀ နဲ့ လိမ်လည်ရောင်းချခဲ့ရာက ရရှိတဲ့ ငွေတွေ ဖြစ်တယ်လို့ စုံစမ်းသိရှိရပြီး အလုံမြို့မ ရဲစခန်းက အမှုဖွင့်ထားတယ်လို့ ရေးသားထားပါတယ်။ အခု ဖမ်းမိတဲ့ တရုတ်နိုင်ငံသား ၃ ဦးဟာ မေလက ဗိုလ်တထောင်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အလားတူ လိမ်လည်မှုကို ပြစ်မှုကျူးလွန်သူတွေ မဟုတ်ဘဲ သီးခြားတဖွဲ့က ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ - Yangon Police  
6 years Ago
Up