ရွှေတိဂုံ

November 30, 2018

ရွှေတိဂုံတွင် စင်ကာပူဇနီးမောင်နှံထံက ကျပ် ၁ သောင်းတန် ငွေစက္ကူအတုများ ဖမ်းမိ

ရွှေတိဂုံဘုရားကို လာရောက်ဖူးမျှော်တဲ့ စင်ကာပူနိုင်ငံသား ဇနီးမောင်နှံထံကနေ ကျပ် ၁ သောင်းတန် ငွေစက္ကူအတု ၄၅ ရွက် သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၂၈ ရက်မနက် ၆ နာရီခွဲက ရွှေတိဂုံစေတီတော် တောင်ဘက်စောင်းတန်းရှိ ပြည်ပငွေကြေးကောက်ခံရေး ကောင်တာကို စင်ကာပူနိုင်ငံသား Mr.Lin Bee Fun (၄၀) နှစ်နဲ့  ဇနီး Mrs Chin Kuo Kuang (၄၃) နှစ်တို့ ၁ သောင်းကျပ်တန် ငွေစက္ကူအတု ၃ ရွက်နဲ့ အခွန်ပေးဆောင်ခဲ့တာကို စေတီတော်လုံခြုံရေးက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ စေတီတော် ရဲကင်းမှူး ဒုရဲအုပ် အောင်ရည်မွန် ဦးစီးပူးပေါင်းအဖွဲ့က စစ်ဆေးရာမှာ ၁ သောင်းကျပ်တန် ငွေစက္ကူအတု ၄၂ ရွက်အား ထပ်မံတွေ့ရှိရလို့  စုစုပေါင်း ၁ သောင်းကျပ်တန် ငွေစက္ကူအတု ၄၅ ရွက်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါငွေစက္ကူအတုတွေဟာ စင်ကာပူချန်ဂီလေဆိပ်ရှိ The Arcade ငွေလဲကောင်တာမှာ အိန္ဒိယလူမျိုး ၂ ဦးထံက စင်ကာပူဒေါ်လာ ၄၀၀ ကို  မြန်မာငွေ ၄၅၀,၀၀၀ ကျပ်နဲ့ လဲလှယ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ အဆိုပါ စင်ကာပူနိုင်ငံသား ၂ ဦးကို ဒဂုံမြို့မရဲစခန်းက (ပ)၁၃၃/၂၀၁၈၊ မြန်မာနိုင်ငံ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အရေးယူထားတယ်လို့ ရဲသတင်းမှာ ဖော်ပြပါတယ်။ စင်ကာပူနိုင်ငံသား ဇနီးမောင်နှံဟာ ကုမ္ပဏီကိစ္စနဲ့ နိုဝင်ဘာလ ၂၇ ရက်က စင်္ကာပူနိုင်ငံမှ စင်္ကာပူလေကြောင်းလိုင်နဲ့  ရန်ကုန်မြို့သို့ ရောက်ရှိလာတာဖြစ်ပါတယ်။ ဓာတ်ပုံ-ရဲဇာနည်
3 years Ago

August 13, 2018

ရွှေတိဂုံတွင် ရွှေစင်ပြားထုတ်စက်ရုံ တည်ဆောက် ထုတ်လုပ်မည်

အဆင့်မြင့် နည်းပညာသုံး ရွှေစင်ပြားစက်ရုံတခုကို ရွှေတိဂုံစေတီမှာ တည်ဆောက်ပြီး တာရှည် တည်တံ့ခိုင်မြဲတဲ့ ရွှေစင်ပြားတွေ ထုတ်လုပ်မယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။ စက်ရုံတည်ဆောက်ရေးအတွက် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနဲ့ ရွှေတိဂုံဂေါပကအဖွဲ့တို့ သြဂုတ် ၁၂ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ပြည်ထောင်စုဝန်ကြီးက ရွှေတိဂုံစေတီတော်မှာ ၁ ပေပတ်လည် ရွှေစင်ပြားများ တာရှည်တည်တံ့ခိုင်မြဲစွာ ရွှေသင်္ကန်း ကပ်လှူနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ရွှေပြားကြိတ်စက်ရုံကိုလည်း အမြန်ဆုံး လုံခြုံစိတ်ချစွာ ဆောက်လုပ်နိုင်ရေး စီမံဆောင်ရွက်နေပြီး အဓိကကျတဲ့ စက်ကို ပြည်တွင်းမှာ ဒီဇိုင်းပြုလုပ်ပြီး ထုတ်လုပ်လှူဒါန်းခြင်း ဖြစ်တယ်လို့ ဂေါပကအဖွဲ့ကို ပြောပါတယ်။ ရွှေစင်ရွှေပြား သင်္ကန်းတော်များကို ဥတုမရွေး တာရှည် ကျစ်လျစ်ခိုင်မြဲစေဖို့ အဆင့်မြင့် နည်းပညာ အသုံးပြုပြီး ရွှေစင်ပြားစက်ရုံငယ်တခုကို ရွှေတိဂုံစေတီတော်၊ တောင်ဘက်မုခ်အနီး အောက်ပစ္စယံမှာ တည်ဆောက်မှာ ဖြစ်ပါတယ်။ ခေတ်မီနည်းစနစ်၊ စက်ကိရိယာတွေ အသုံးပြုပြီး တာရှည်တည်တံ့ခိုင်မြဲတဲ့ ရွှေစင်ပြားတွေကို မကြာမီ စတင်ထုတ်လုပ်ပြီး ကပ်လှူပူဇော်နိုင်တော့မယ်လို့ အစိုးရသတင်းမှာ ဖော်ပြထားပါတယ်။ ရွှေစင်ပြား ထုတ်လုပ်တဲ့ ကြိတ်စက်ကို စက်မှုဝန်ကြီးဌာနက ခေတ်မီနည်းစနစ်နဲ့ ပြည်တွင်းမှာ ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Photo: MOI
3 years Ago
More News
Up