ရွှေဆိုင်

August 18, 2018

တာချီလိတ် ရွှေဆိုင်အား သေနတ်ကိုင် အနုကြမ်းဝင်စီး၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရ (ရုပ်သံ)

တာချီလိတ်မြို့လယ်ခေါင်ရှိ ရွှေဆိုင်အား သြဂုတ် ၁၈ ရက် မနက် ၁ဝ နာရီကျော်လောက်မှာ အနုကြမ်းဝင်ရောက်စီးနင်းမှုတခုဖြစ်ပွားခဲ့ပြီး ရွှေလာဝယ်သူ အမျိုးသမီး ၁ ဦး သေနတ်ထိမှန်ဒဏ်ရာရှိခဲ့တယ်လို့ တာချီလိတ်မြို့မရဲစခန်းက သိရပါတယ်။ သေနတ်သမားတဦးက မြို့လယ်ခေါင် မကာဟိုခမ်းရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်မှာ ဖွင့်လှစ်ထားတဲ့ ဒိုင်းမွန်းရွှေဆိုင်ကို ခေါင်းစွပ်အင်္ကျီဝတ် သေနတ်ကိုင် ဝင်ရောက်လာပြီး အနုကြမ်းစီးရာမှာ ရွှေလာဝယ်ယူအမျိုးသမီးတဦးကို သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ "အနုကြမ်းစီးတဲ့သူက ဆိုင်ထဲဝင်လာပြီး ကောင်တာက စာရေးမလေးကို သေနတ်နဲ့ချိန်ပြီး အိတ်ပစ်ချပေးလိုက်တယ် ဒါကို စာရေးမလေးက အတွင်းခန်းထဲဝင်ပြေးသွားတော့ ရွှေထည့်ထားတဲ့ ကောင်တာကို သေနတ်နဲ့ ထုပြီးခွဲတာ မကွဲတော့ အပြင် ပြန်ထွက်ပြေးသွားတယ်လို့ CCTV မှတ်တမ်းတွေမှာ တွေ့ရတယ်။ သေနတ်ထိတဲ့ ကလေးမလေးက နောက်ဆုတ်ဆုတ်ရင်း ဆိုင်ပြင်ထွက်လာတာတွေ့ရတယ်။ ဒါပေမယ့် သေနတ်ဘယ်အချိန်မှန်လဲ စစ်ဆေးတုန်းပဲ ရှိသေးတယ်" လို့ တာချီလိတ်မြို့မရဲစခန်းက တာဝန်ရှိသူက ပြောပါတယ်။ အနုကြမ်းစီးတဲ့ အမျိုးသားကတော့ ရွှေဆိုင်ဘေးလမ်းကြားကနေတဆင့် ဝမ်ကောင်းဈေးအတွင်း ပြေးဝင်သွားကြတယ်လို့ မြင်တွေ့လိုက်ရသူတွေက ပြောပါတယ်။ သေနတ်ဒဏ်ရာရှိတဲ့ အမျိုးသမီးကတော့ လက်မောင်းကို ရှပ်မှန်၏ဏ်ရာ ၂ ချက်ရရှိတာကြောင့် ဆေးကုသမှုခံယူနေပြီး စိုးရိမ်ရတဲ့ အခြေအနေမရှိဘူလို့ သိရပါတယ်။ အခုလို အနုကြမ်းစီးပြီး သေနတ်ပစ်ခတ်သွားသူကို တာချီလိတ်မြို့မရဲစခန်းက ဖမ်းဆီးနိုင်ဖို့ လိုက်လံစုံစမ်းနေတယ်လို့ သိရပြီး သြဂုတ်လအတွင်း တာချီလိတ်မြို့အတွင်းမှာ သေနတ်ပစ်ခတ်မှု ၂ မှု၊ ဓားထိုးမှု ၁ မှုနဲ့ သေနတ်ပြ ဆိုင်ကယ်လုယက်မှုတခု ဖြစ်ပွားခဲ့ပြီး ဆက်တိုက်မှုခင်းတွေ ဖြစ်ပေါ်နေတယ်လို့ တာချီလိတ်ရဲစခန်းရဲ့ စစ်တမ်းတွေအရ သိရပါတယ်။ (ကိုဇက်)
3 years Ago

April 2, 2018

မြစ်ကြီးနားတွင် ရွှေဆိုင်ပိုင်ရှင်အား ဓားဖြင့်ထိုးကာ လုယက်မှုဖြစ်ပွား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့မရပ်ကွက်မှာ ဧပြီ ၁ ရက် မနက် ၉ နာရီလောက်က ရွှေဆိုင်ပိုင်ရှင်ကို ဓားနဲ့ထိုးကာ ဆိုင်ခင်းရောင်းချမယ့် ရွှေထည်သုံးပိဿာ၊ ငွေကျပ် သိန်း၂ဝဝ နဲ့ ဆိုင်ပိုင်ရှင်ရဲ့ကားကို လုယက်ထွက်ပြေးမှု ဖြစ်ပွားခဲ့တယ်လို့ ဒီကနေ့ထုတ်နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြပါတယ်။ မြစ်ကြီးနားမြို့ မြို့မရပ်ကွက် ရတနာလမ်းရှိ ဆိုင်ခန်းအမှတ် (၉၁/၉၂) မှာ ဖွင့်လှစ်ထားတဲ့ ‘ကျော်မြန်မာ’ ရွှေရတနာရောင်းဝယ်ရေး ဆိုင်ခန်းပိုင်ရှင် ဦးကျော်ထွန်း(၄၄-နှစ်)ဟာ ဆိုင်ဖွင့်ဖို့ ဆိုင်ခန်းတံခါးသော့ဖွင့်ပြီး အထဲကို ဝင်ရောက်ချိန် မိုးကာအင်္ကျီ ဝတ်ဆင်ထားတဲ့ အမျိုးသားနှစ်ဦးက အတူဝင်ရောက်ပြီး ဦးကျော်ထွန်းကို ဓားနဲ့ထောက်ကာ ဆိုင်ခန်းထဲက အိမ်သာထဲမှာ သော့ခတ်ထားခဲ့တာလို့ ဆိုပါတယ်။ ဒီနောက် ဆိုင်မှာ ခင်းကျင်းရောင်းချမယ့် ရွှေထည်ပစ္စည်း သုံးပိဿာ ထည့်ထားတဲ့အိတ်နဲ့ ငွေသားကျပ်သိန်း ၂ဝဝ ထည့်ထားတဲ့အိတ်ကိုယူကာ အိမ်သာတံခါးဖွင့်ပြီး ဦးကျော်ထွန်းကို ဓားနဲ့ထိုးခဲ့လို့  ဦးကျော်ထွန်းရဲ့ ဝဲဘက်ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာတချက် ရရှိခဲ့ပြီး မြစ်ကြီးနားဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ လုယက်မှုကျူးလွန်သူ အမျိုးသားနှစ်ဦးဟာ ဦးကျော်ထွန်း စီးနင်းလာတဲ့ BELTA အမျိုးအစား နံပါတ်ပါ ငွေမင်ရောင် မော်တော်ယာဉ်ကို မောင်းနှင် ထွက်ပြေးသွားတာကြောင့် မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူတွေကို အမြန်ဆုံး ဖော်ထုတ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ အစိုးရသတင်းစာမှာ ဖော်ပြထားပါတယ်။ ဓာတ်ပုံ-မြန်မာ့အလင်း
3 years Ago
Up