ရွှေခါးပတ်ချန်ပီယံ

April 28, 2017

ရွှေခါးပတ်ချန်ပီယံများဖြစ်သည့် အန်တိုနီဂျော်ရွှာနှင့် ကလစ်ရှ်ကိုတို့ ယှဉ်ပြိုင်ထိုးသတ်မည်

ရှုံးပွဲနဲ့ သရေပွဲ လုံးဝမရှိသေးတဲ့ အိုင်ဘီအက်ဖ် ရွှေခါးပတ်ချန်ပီယံ ဗြိတိန်လက်ဝှေ့အကျော်အမော် အန်တိုနီဂျော်ရွှာနဲ့ ဒဗလျူဘီအေ ရွှေခါးပတ်ချန်ပီယံ ဗလာဒီမာကလစ်ရှ်ကိုတို့ဟာ ပရိသတ် ၉၀၀၀၀ ဝင်ဆန့်တဲ့ ဝင်ဘလေကွင်းကြီးမှာ ယှဉ်ပြိုင်ထိုးသတ်တော့မှာ ဖြစ်ပါတယ်။ ဧပြီ ၂၉ ရက် စနေနေ့မှာ ထိုးသတ်မှာဖြစ်ပြီး ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၁၄၀ ကျော်က စောင့်ကြည့်မယ့် ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ စိန်ခေါ်သူ အန်တိုနီဂျော်ရွှာဟာ ကလစ်ရှ်ကိုကို ၄ ချီနဲ့ ၅ ချီမြောက်လောက်မှာတင် အလဲထိုး အနိုင်ယူနိုင်မယ်လို့ ကြုံးဝါးထားပါတယ်။ အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကလစ်ရှ်ကိုဟာ သက်တမ်းတလျှောက် ၆၈ ပွဲ ထိုးသတ်ထားပြီး ၆၄ ပွဲနိုင် ၄ ပွဲရှုံးရလဒ် ရရှိထားပြီး အလဲထိုး ၈၂ ရာခိုင်နှုန်း ရှိထားပါတယ်။ စိန်ခေါ်သူ အိုင်ဘီအက်ဖ်ဘုရင်လို့ခေါ်တဲ့ ဂျော်ရွှာကတော့ အသက် ၂၇ နှစ်သာ ရှိသေးပြီးတော့ ၁၈ ပွဲထိုးသတ်ရာမှာ ၁၈ ပွဲစလုံး အလဲထိုး အနိုင်ရရှိထားပြီး ရာနှုန်းပြည့် အလဲထိုးထားနိုင်ပါတယ်။
4 years Ago
Up