ရွှေကျင်မြို့ စားသောက်ဆိုင် မီးလောင်၊

January 25, 2018

ရွှေကျင်မြို့ စားသောက်ဆိုင် မီးလောင်၊ အမျိုးသမီး ၁ ဦး သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်မှာ ဒီနေ့မနက် ၃ နာရီခွဲလောက်က ဂစ်တာ စားသောက်ဆိုင်မှာ မီးလောင်မှုဖြစ်ပွားပြီး  အမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးရုံးက သိရပါတယ်။ ရွှေကျင်မြို့၊ ရှမ်းကြေးရပ်ကွက် ဂီတာစားသောက်ဆိုင် အောက်ထက်ရှိ ရေခဲသေတ္တာ အပူလွန်ကဲပြီး မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ မီးလောင်ရာနေရာကို ရွှေကျင်မြို့နယ်နဲ့ မဒေါက်နယ်မြေမီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်နေ ပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပြီး မနက် ၄ နာရီ ၄၅ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ရွှေကျင်မြို့နယ် မီးသတ်စခန်းက ဒုမီးသတ်ဦးစီးမှူး ဦးဇော်ညီညီက ပြောပါတယ်။ မီးလောင်မှုကြောင့် အုတ်ကာ သွပ်မိုး ပျဉ်းခင်း နေအိမ်တလုံး မီးလောင်ကျွမ်းခဲ့ပြီး နေအိမ်အတွင်းရှိ မခက်ခက်ဖူးဝေ (၂၆-နှစ်)ဟာ မီးလောင်ပြင်မှာ သေဆုံးသွားခဲ့ကာ နေအိမ် ပျက်စီးဆုံးရှုံးမှု တန်ဖိုး သိန်း ၁၅၀ လောက်ရှိတယ်လို့ သိရပါတယ်။ ဒုမီးသတ်စခန်းမှူး ဦးဇော်ညီညီလွင်က “သတင်းပေး နောက်ကျတယ်ပေါ့နော်။ ကျနော်တို့ ရောက်သွားတော့ မီးတောက်အခြေအနေကို ကြည့်တဲ့အခါ တအိမ်လုံးလိုလို လောင်နေပါပြီ။ ကျနော် ခန့်မှန်းကြည့်သလောက်တော့ ၂ နာရီခွဲလောက်မှာ စတင်လောင်တယ်လို့ ထင်တယ်။ အမျိုးသမီးတဦး သေဆုံးသွားခဲ့တယ်။ ဘာကြောင့် သေဆုံးသွားတယ် ဆိုတာတော့ မပြောနိုင်သေးပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဆေးရုံက ဒီမနက် ၈ နာရီ ခွဲမှ ရင်ခွဲရုံဝင်တယ်။ အဲဒီအတွက် ဆေးစာမထွက်သေးတော့ ဘာကြောင့် သေတယ် ဆိုတာတော့ မသိသေးဘူး” လို့ ပြောပါတယ်။ မီးလောင်မှုနဲ့ ပတ်သက်ပြီး ရွှေကျင်မြို့မရဲစခန်းက ဂစ်တာစားသောက်ဆိုင် မန်နေဂျာ  ကိုဇော်မိုးကို လူသေဆုံးစေတဲ့အထိ လျှပ်စစ်မီး ပေါ့ဆစွာ သုံးစွဲမှုနဲ့ အမှုဖွင့်ဖို့ စစ်ဆေးနေပါတယ်။ သတင်း - နေလင်းထိုက်
3 years Ago
Up