ရွှေကျင်ချောင်း

April 15, 2019

ရွှေကျင်ချောင်းထဲ ရေဆင်းကစားသည့် အမျိုးသား ၁ဦး ရေနစ်သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့မှာ ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့ မွန်းလွဲ ၁ နာရီက ရွှေကျင်ချောင်းအတွင်း ရေဆင်းကစားရာက  အမျိုးသား တဦး ရေနစ်သေဆုံးသွားပါတယ်။ သေဆုံးသူ ဦးစိုးမင်း အသက် (၅၂ )နှစ်ဟာ ညောင်လေးပင်မြို့၊ အရှေ့ဇီးကန်ကျေးရွာက ဖြစ်ပြီး သူငယ်ချင်းတွေနဲ့ အတူလာရောက်ရေကစားရာက ချောင်းထဲ ရေစီးနဲ့ မျောပါသွားကာ ရေနက်ပိုင်းမှာ ရေနစ်သေဆုံးခဲ့တာဖြစ်ပါတယ်။ ဒေသခံတဦးက"ရေအားက ရေလွှတ်တဲ့အချိန်ဆိုတော့ ရေစီးကသန်နေတယ်လေ။ အဝေးကလာတဲ့ ဧည့်သည်ဆိုတော့ ချောင်းရဲ့ဘယ်နေရာက ရေနက်ပိုင်းဆိုတာ မသိတော့ ရေစီးနဲ့ မျောပြီး နစ်သွားတာ"လို့ ပြောပါတယ်။ သင်္ကြန်အကြတ်နေ့ ရောက်တိုင်း အနယ်နယ်အရပ်ရပ်က ပြည်သူတွေ ရွှေချောင်းအတွင်းမှာ ရေဆင်းကစားဖို့ နှစ်စဉ်လာရောက်ကြလေ့ရှိတာဖြစ်ပြီး ရွှေကျင်မြို့မှာ အစည်းကားဆုံးနေ့လည်း ဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့  ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်မဟုတ် ရွှေကျင်မြို့မ ရဲစခန်းက  စုံစမ်းစစ်ဆေးနေပါတယ်။ သတင်း- နေလင်းထိုက်
3 years Ago
Up