ရေကြီးရေလျှံမှုဖြစ်ပေါ်

September 23, 2016

တောင်တွင်းကြီးမြို့တွင် ရုတ်တရက်ရေကြီး၊ နေအိမ် ၅၀၀ နီးပါး ရေနစ်မြှုပ်

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ရှိ ရပ်ကွက်မြေနိမ့်ပိုင်းတချို့မှာ စက်တင်ဘာ ၂၂ ရက် ည ၁၁ နာရီခွဲလောက်မှစတင်ပြီး စတုတ္ထအကြိမ် ရေကြီးရေလျှံတာ ဖြစ်ပွားနေပါတယ်။ မြို့ရဲ့ အရှေ့ဘက်ရှိ အလယ်ရိုးမ၀န်းကျင်မှာ မိုးများအဆက်မပြတ် ရွာသွန်းတာကြောင့် စက်စက်ယိုတောင်ကျချောင်းရေမှ ရေတွေစီးဝင်လာတာ၊ ကန်တော်ကြီးကန်မှာ လှောင်ရေ ၁၂ ပေခွဲလောက်ရှိနေတဲ့အတွက် ရေပိုလွှဲကနေ ထုတ်လွှတ်တဲ့ ရေတွေ စီးဆင်းလာတာ၊ မြို့လယ် ချောင်းမကြီး တိမ်ကောနေတဲ့အတွက် နှစ်စဉ် ရေကြီးရေလျှံမှုဒဏ်ခံစားနေရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလို ရေကြီးလျှံမှု ဖြစ်ပေါ်တဲ့အတွက် တောင်ပြင် ၁ ရပ်ကွက် မြေနိမ့်ပိုင်းရှိ နေအိမ် ၉၀ ၊ တောင်ပြင် ၂ ရပ်ကွက် မြေနိမ့်ပိုင်းရှိ နေအိမ် ၃၀၀၊ အုန်းတော ၁ ရပ်ကွက် မြေနိမ့်ပိုင်းရှိ နေအိမ် ၈၀ နဲ့ အုန်းတော ၂ ရပ်ကွက် မြေနိမ့်ပိုင်းရှိ နေအိမ် ၂၀ လုံး စုစုပေါင်း လူနေအိမ် ၄၉၀ လောက် ရေအနက် ၁ ပေကနေ ၄ ပေလောက်အထိ ရေလွှမ်းမိုးမှုဒဏ် ခံစားနေရပါတယ်။ ရန်ကုန်-ပြည် ကားလမ်းမကြီး မိုင်တိုင်အမှတ် ၂၇၉/၃ နဲ့ ၂၇၉/၄ ကြား ကားလမ်းမကြီးပေါ်မှာ အရှည် ၁၄၀ ပေ နဲ့ အနက် ၉ လက်မလောက် ရေကျော်မှုဖြစ်ပွားကာ ယာဉ်ကျောပိတ်ဆို့တာတွေ မဖြစ်ပေါ်ရေး သက်ဆိုင်ရာဌာနများမှ ကူညီဆောင်ရွက် ပေးနေတယ်လို့ သိရပါတယ်။ ရေကြီးမှုကြောင့် အိမ်မွေးတိရစ္ဆာန်တွေ၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ စက်ဘီး၊ ဆိုက္ကား၊ မြင်းလှည်းယာဉ်တွေကို ရေလွတ်ရာ ကုန်းမြင့်နေရာတွေမှာ ရွှေ့ပြောင်းထားရပါတယ်။ အခု ရေကြီးဟာ စံချိန်သစ်ဖြစ်ပြီး အရင် ခံစားခဲ့ရတဲ့ ရေကြီးတာတွေက ရေအနက် ၁ ပေလောက်ကနေ ၃ ပေလောက်အထိသာ ၀င်ရောက်ခဲ့တာပါ။ အဆိုပါ ရေဘေးသင့်ပြည်သူတွေဟာ နှစ်စဉ် ရေကြီးရေလျှံမှုဒဏ်ခံစားနေကြရပြီး ထိုကဲ့သို့ ရေလွှမ်းမိုးမှုကြောင့် ၀မ်းပျက်ဝမ်းလျှောရောဂါကဲ့သို့ ကူးစက်ရောဂါများ မဖြစ်ပွားစေဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆောင်ရွက်သွားဖို့ လိုအပ်နေပါတယ်။ သတင်း၊ ဓာတ်ပုံ - ဗိုလ်ပြည့် ( တောင်တွင်းကြီး )
5 years Ago
Up