ရှေ့နေ ကြိုဆို

April 6, 2018

ဂျာမန်တရားရုံး၏ ဆုံးဖြတ်ချက်ကို ကတ်တလန် ခေါင်းဆောင်ဟောင်း၏ရှေ့နေ ကြိုဆို

စပိန်အစိုးရရဲ့ တောင်းဆိုချက်ကို ပယ်ချခဲ့တဲ့ ဂျာမန်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကတ်တလန် ခေါင်းဆောင်ဟောင်းရဲ့ ရှေ့နေက ကြိုဆိုလိုက်ပါတယ်။ စပိန်နိုင်ငံ ကာတာလိုးနီးယားပြည်နယ်ရဲ့ ခေါင်းဆောင်ဟောင်း ကားလက်စ် ပွေအီဒီမောင့်ထ်ရဲ့ ဘယ်လ်ဂျီယံ ရှေ့နေက ဂျာမန်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုတယ်လို့ ဧပြီ ၅ ရက်နေ့က ပြောပါတယ်။ ပွေအီဒီမောင့်ထ်ကို ကတ်တလန်လွတ်လပ်ရေး လှုပ်ရှားမှုအတွက် သူပုန်မှုနဲ့ တရားစွဲထားလို့ ဝရမ်းပြေးအနေနဲ့ လွှဲပေးဖို့ စပိန်အစိုးရရဲ့ တောင်းဆိုချက်ကို ဂျာမန်တရားရုံးက ပယ်ချခဲ့တာပါ။ “ဂျာမနီနိုင်ငံရဲ့ တရားရေးစနစ်ကို အပြည့်အဝ ယုံကြည်တယ်။ ဒီဆုံးဖြတ်ချက်ကြောင့် သိပ်ဝမ်းမြောက်တယ်” လို့ ရှေ့နေက ပြောပါတယ်။ ပွေအီဒီမောင့်တ်ရဲ့ အစိုးရအဖွဲ့ဝင်ဟောင်း ၂ ယောက်အတွက် ရှေ့နေ ခရစ်စတို့ဖ် မာရွှန်ဖှ်က “ဒီတရားရုံး ဆုံးဖြတ်ချက်ဟာ တခြားဥရောပ သမဂ္ဂနိုင်ငံတွေက ဆုံးဖြတ်ချက် အပေါ် ဂယက်ရိုက်ခဲ့တယ်။ ဥရောပရဲ့ တရားစီရင်ရေး စနစ်ကလည်း ကောင်းကောင်း အလုပ်လုပ်တယ်။ ဆိုတာ ပြနေတယ်” လို့ ပြောပါတယ်။ စပိန်တရားရေး အာဏာပိုင်အဖွဲ့က ကတ်တလန်အစိုးရ အဖွဲ့ဝင်ဟောင်း ၂ ယောက် အတွက် ဥရောပတခွင် အာဏာစက် သက်ရောက်တဲ့ ဖမ်းဝရမ်း ထုတ်ပြန်ခဲ့တာပါ။ ဒီဝရမ်းနဲ့ ပတ်သက်လို့ ဘယ်လ်ဂျီယံ စုံစမ်းစစ်ဆေးမှုဆိုင်ရာ တရားသူကြီးတွေက စီစဉ် ဆုံးဖြတ်တာကို ကြားနာအပြီးမှာ သူက ခုလို ပြောလိုက်တာပါ။ ကတ်တလန် ခေါင်းဆောင်ဟောင်း ၃ ယောက်ကို ဖမ်းဆီးထိန်းသိမ်းမထားဖို့ ဘယ်လ်ဂျီယံ တရားသူကြီးတွေက ဆုံးဖြတ်ခဲ့တယ်လို့ တရားသူကြီးတွေရဲ့ ပြောခွင့်ရက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ သူတို့ကို စပိန်အစိုးရဆီ ပြန်လွှဲပေးမလားဆိုတာ လာမယ့်သီတင်းပတ်မှာ တရားရုံးက ဆုံးဖြတ်မယ်လို့လည်း ပြောခဲ့ပါတယ်။
3 years Ago
Up