ရှေ့နေများကွန်ရက်ကို

December 18, 2016

ရှေ့နေများကွန်ရက်ကို မဖျက်သိမ်းဘဲ ဆက်လက်ဆောင်ရွက်မည်

မြန်မာနိုင်ငံရှေ့နေများကွန်ရက်ကို မဖျက်သိမ်းဘဲ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကွန်ယက်အဖွဲ့ ၀င်တွေ ကပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံရှေ့နေများကွန်ရက်ကို ဖျက်သိမ်းလိုက်ပြီလို့ ဒီဇင်ဘာလ ၁၅ ရက်နေ့က နိုင်ငံပိုင်  မြန်မာ့ အလင်းသတင်းစာထဲကနေ ကွန်ရက်ရဲ့နာယက လူကြီးများနာမည်နဲ့ ကြေညာခဲ့တာပါ။ အဲဒီကြေညာချက်ဟာ ကွန်ရက်အဖွဲ့ဝင်တွေရဲ့ သဘောထား မပါတဲ့အတွက်ကြောင့် မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်ကို ဆက်လက်လုပ်ဆောင်မယ်လို့ အဖွဲ့ဝင် ဦးအောင်သိန်းက ဒီဗွီဘီကိုပြောပါတယ်။ “ကျနော်တို့ဒါကို ဆက်ပြီးဆောင်ရွက်မှာမို့ ဆက်ပြီးလုပ်ဆောင်မှုနဲ့ ပတ်သက်ပြီးတော့ သူတဦး တယောက်တည်းရဲ့ ကြေညာချက်အပေါ်မှာ ဘာမှတုန့်ပြန်မှာလည်း မဟုတ်ဘူး။ တုန့်ပြန်စရာလည်း မလိုဘူး။ ကျနော်တို့က ကိုယ့်လုပ်ရပ်ကို ကိုယ်ယုံကြည်တဲ့အတွက် ကိုယ့်လုပ်ရပ်အတိုင်းပဲ ဒီကွန်ရက်ကို ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သူတယောက်တည်း သတင်းစာထဲ ကြေညာရုံ မကလို့ သတင်းစာ အစောင်တိုင်း နေ့တိုင်းကြေညာလည်း ပျက်စရာ အကြောင်းတရားမရှိပါဘူးလို့ပဲ ပြည်သူလူထုသိအောင် ပြောချင်ပါတယ်။” ရှေ့နေကွန်ရက်ထဲက ဦးဆောင်နေတဲ့သူတွေကြားထဲမှာ စိတ်ဝမ်းကွဲပြီး ငွေကြေးမသမာမှုတွေ ဖြစ်လာတဲ့အတွက်ကြောင့် ကွန်ရက်အနေနဲ့ ရှုပ်ထွေးမှုမရှိအောင် ဖျက်သိမ်းလိုက်တာဖြစ်တယ်လို့ ကွန်ရက်မှာ ဥက္ကဋ္ဌတာဝန်ယူခဲ့တဲ့ တရား လွှတ်တော်ရှေ့နေဦးကြီးမြင့်က ဒီဗွီဘီနဲ့ သီးသန့် အင်တာဗျူးမှာ  ပြောခဲ့ပါတယ်။. “ဆရာတို့ မသိဘဲနဲ့ ဆရာတို့ထဲက ရှေ့နေတချို့ကပေါ့နော်။ အထက်ဗမာပြည်၊ အောက်ဗမာပြည်ဆိုတဲ့ နာမည်တွေနဲ့ ဆရာတို့ရဲ့ အလုပ်အမှုဆောင် အစည်းအဝေးကိုလည်း တရားဝင် မတင်ပြဘဲနဲ့ ဒေါ်လာ လေးသောင်းပေါ့နော်။ တယောက် နှစ်သောင်းစီ သူတို့ယူလိုက်ကြတယ်။ ယူလိုက်ပြီးတော့ သူတို့ အဲဒါ တွေကို နောက်ပိုင်းမှ ဆရာတို့က သိတဲ့အခါမှာ ဒါကို တရားဝင်စာရင်းရှင်းပါ။ ဒါတွေကို ရှေ့နေများ ကွန်ရက်ကို သေချာအပ်ပါလို့ ပြောတဲ့အခါမှာ သူတို့ အပ်ပါမယ်လို့ ပြောပြီးတော့ အထူးသဖြင့် အောက်ဗမာပြည် အမည်ခံထားတဲ့ ပုဂ္ဂိုလ်ပေါ့နော်။ သူကပြောပြီးတော့ အဲဒီပုဂ္ဂိုလ်က အဲဒီငွေတွေကို သူ့သဘောနဲ့သူပဲ စီမံခန့်ခွဲပစ်လိုက်တယ်။ ဆရာတို့ကိုလည် တရားဝင် မရှင်းဘူး။” အငြင်းပွားဖွယ် ဖြစ်နေတဲ့ နိုင်ငံခြားအဖွဲ့အစည်းတခုရဲ့ ငွေကြေးအကူအညီ အမေရိကန်ဒေါ်လာ လေးသောင်းနဲ့ပတ်သက်လို့လည်း ရှေ့နေ ဦးအောင်သိန်းက ဒီဗွီဘီကို အခုလို ရှင်းပြပါတယ်။ “ကျနော်တို့က အမေရိကန်ဒေါ်လာ လေးသောင်းပေးတယ်ဆိုတဲ့ ကိစ္စရပ်ကတော့ ကျနော်တို့က အထက်ဗမာပြည်၊ အောက်ဗမာပြည် သင်တန်းတွေရှိတယ်ပေါ့ဗျာ။ အထက်ဗမာပြည်ကလည်း အထက်ဗမာပြည်အပိုင်း သူ့ဟာသူ အလှူရှင်တွေကို ရှင်းတယ်၊ ကျနော်တို့ အောက်ဗမာပြည် အနေနဲ့ လုပ်ငန်းစဉ်အရလည်း ကျနော်တို့ အလှူရှင်တွေကို ရှင်းပြီးသားဖြစ်တယ်။ အလှူရှင်ကလည်း တွေ့ပြီး ပြောပြီးသား ဖြစ်တယ်။ သူလည်း အလှူရှင်နဲ့ တွေ့ပြီးသားဖြစ်တယ်။ သူစာရင်းနဲ့ ပတ်သက်ပြီး မရှင်းရင် အလှူရှင်င်နဲ့ပဲ မေးစရာ အကြောင်းတရားရှိတယ်။ ကျနော်က သူ့လိုက်ရှင်းပြနေစရာ အကြောင်းတရားမရှိဘူး။ အဲဒီအချိန် အဲဒီကာလက အလှူရှင် တွေဆီက လက်ခံရယူတဲ့ ငွေကြေးက ကျနော်တို့ အင်မတန်သတိထားပြီးတော့ လုပ်ကိုင်ဆောင်ရွက်ရတာဖြစ်တယ်။” မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်ကို ဆက်လုပ်သွားမယ့် အဖွဲ့တွေကတော့ ဒီဇင်ဘာလ ၁၇ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဖိတ်ကြားထားတဲ့ ရှေ့နေ ၈၀ ကျော်လောက်နဲ့ နှစ်ပတ်လည် အထူးအစည်းဝေးကို ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းတွေ၊ လုပ်ကိုင်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေနဲ့ ရှေ့ဆက်လုပ်ကိုင်သွားမယ့် လုပ်ငန်းတွေကို  ကွန်ရက် တွေ့ဆုံပွဲမှာ ပြောဆိုသွားပါတယ်။
5 years Ago
Up