ရှေးဟောင်းမြို့တော်

July 6, 2019

ရှေးဟောင်းမြို့တော် ဘေဘီလုံကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်

အီရတ်နိုင်ငံ  ရှေးဟောင်း မြို့တော် ဘေဘီလုံကို ဇူလိုင် ၅ ရက်နေ့မှာ  ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်လိုက်တာကြောင့် အီရတ်ပြည်သူတွေ ပျော်ရွှင်နေကြပါတယ်။ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်သတ်မှတ်ရေးအတွက် အီရတ်အစိုးရက နှစ်များစွာ ကြိုးပမ်းပြိးနောက်မှာ အီရတ်နိုင်ငံအတွင်း  ပဉ္ဓမမြောက် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ဘေဘီလုံကို သတ်မှတ်ခဲ့တာပါ။ ဘေဘီလုံကို ဘီစီ ၂၃၀၀ လောက်က  ဘဂ္ဂဒက်မြို့တောင်ပိုင်း ၈၅ ကီလိုမီတာအကွာ ယူဖရေးတီး မြစ်ကမ်းတလျှောက် တည်ဆောက်ခဲ့တာပါ။ ဘေဘီလုံဟာ ဥယျာဉ်တွေ အပါအ၀င် မျော်စင်တွေနဲ့ ရွှံ့အုတ်နဲ့ တည်ထားတဲ့ ဘုရာကျောင်းတွေကြောင့် ထင်ရှားပါတယ်။ အဲဒီ ဥယျာဉ်တွေဟာ ကမ္ဘာ့အံဖွယ် ၇ ပါးထဲမှာ တခု အပါအ၀င် ဖြစ်ပါတယ်။ ဘေဘီလုံဧည့်လမ်းညွှန်တဦးက ဒီနေ့ဟာ အီရတ်ပြည်သူတွေ အောင်ပွဲခံတဲ့ သမိုင်းဝင် နေ့တနေ့ ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ဘ၀မှာ အပျော်ရွှင်ဆုံး နေ့ရက် နှစ်ရက် ရှိပြီး ပထမနေ့ဟာ  ဘေဘီလုံမြို့က အမေရိကန်တပ်ဖွဲ့ဝင်တွေ ရုပ်သိမ်းတဲ့နေ့ဖြစ်ပြီး ဒုတိယနေ့ကတော့ ဘေဘီလုံမြို့ကို ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်လိုက်တဲ့ ဒီနေ့ပဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
2 years Ago

July 25, 2015

ကမ္ဘာတလွှား လည်ပတ်ချင်စရာ ရှေးဟောင်းမြို့တော် ၁၅ ခု

သင့်မှာ နိုင်ငံကူးလက်မှတ် အဆင်သင့်ရှိနေပြီလား။ ဒါဆိုရင်တော့ ကမ္ဘာ့ရှေးဟောင်းမြို့တော်တွေဆီ သွားရောက်လည်ပတ်ဖို့ ခုပဲ လေယာဉ်လက်မှတ်ကို ပြင်ဆင်လိုက်ပါတော့။ အဲဒီရှေးဟောင်းမြို့တော် ၁၅ ခုက လူနေထိုင်မှု ဘ၀တွေနဲ့ ရှေးဟောင်းယဉ်ကျေးမှု အနုပညာ လက်ရာတွေကို လေ့လာနိုင်ဖို့ Mental-floss မဂ္ဂဇင်းမှာ ဖော်ပြထားတာတွေကို မျှဝေလိုက်ပါတယ်။ ၁။ စီယူဒါပဒီးဒါ (ကိုလံဘီယာနိုင်ငံ) [caption id="attachment_104190" align="aligncenter" width="562"]ဓာတ်ပုံ - huffingtonpost ဓာတ်ပုံ - huffingtonpost[/caption] ကိုလံဘီယာနိုင်ငံမြောက်ပိုင်းက ပျောက်ဆုံးနေတဲ့မြို့တော်လို့ အမည်ရတဲ့ စီယူဒါပဒီးဒါကို သွားမယ်ဆိုရင်တော့ ၄ ရက်တာ စိတ်ဝင်စားစရာကောင်းတဲ့ စွန့်စွန့်စားစား တောင်တက်ခရီးကို သွားနိုင်မှာပါ။ ကျောက်တုံးလှေကားထစ် ၁၂၀၀ လောက်ကို တက်ရမယ့် ဒီခရီးအတွက် ဒေသခံလမ်းညွှန်တွေ မပါဘဲ မသွားသင့်ပါဘူး။ ၈ ရာစု အစောပိုင်းကာလတည်းက စတင်ခဲ့တဲ့ ဒီမြို့တော်ဟောင်းကို ရာစုနှစ် အနည်းငယ်အကြာမှာတော့ ကြီးကျယ်ခမ်းနားစွာ တည်ဆောက်ခဲ့ကြပါတယ်။ ဒေသခံတွေက တူယူနာလို့ ခေါ်ကြတဲ့ အဲဒီနေရာမှာ လှေကားထစ် ၁၆၉ ထစ်၊ ကွန်ကရစ်ခင်းလမ်းတွေ အပါအ၀င် ဘေးပတ်ပတ်လည် ဈေးရုံတွေနဲ့ တည်ဆောက်ထားခဲ့ပြီး တချိန်က လူဦးရေ ၈၀၀၀ ကျော် နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ၂။ ဟမ်ပီ (အိန္ဒိယနိုင်ငံ) [caption id="attachment_104193" align="aligncenter" width="620"]ဓာတ်ပုံ - MonaDutta ဓာတ်ပုံ - MonaDutta[/caption] ဟိန္ဒူမင်းဆက် ဗီဂျေယာနကာရဲ့ နောက်ဆုံးမြို့တော်ဖြစ်တဲ့ ဟမ်ပီကို ၁၄ ရာစုမှ ၁၆ ရာစု အတွင်းမှာ ချမ်းသာကြွယ်ဝတဲ့ မင်းသားအဆက်ဆက်က ခမ်းခမ်းနားနား တည်ဆောက်ခဲ့တာပါ။ အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်း၊ ကာနာတာကာပြည်နယ်မှာ တည်ရှိတဲ့ မြို့တော်ဟမ်ပီဟာ ၁၅၆၅ ခုနှစ်မှာ ဒကန်မွတ်ဆလင် မဟာမိတ်အဖွဲ့ရဲ့ တိုက်ခိုက်ခြင်းခံရပြီး ၆ လအကြာမှာ စွန့်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။ ၁၆ ရာစုလက်ရာတွေဖြစ်တဲ့ အထွတ်အမြတ်ထားရာ ဘုရားကျောင်းတွေ၊ လူနေအိမ်တွေ၊ မြို့ရိုးတွေနဲ့ သိသာထင်ရှားတဲ့ ကျောက်တုံးနဲ့ ပြုလုပ်ထားတဲ့ စစ်ရထားကြီး အပါအ၀င် ဗိသုကာလက်ရာတွေကို ခုချိန်ထိ မြင်နိုင်ပါသေးတယ်။ ၃။ အရာကွန်ဒါ (တူရကီနိုင်ငံ) [caption id="attachment_104194" align="aligncenter" width="650"]3 arykanda-looklex ဓာတ်ပုံ - looklex[/caption]   အရာကွန်ဒါမြို့တော်ဟာ တူရကီနိုင်ငံ၊ မယ်ဒီတာရေးနီးယန်း ကမ်းခြေအနီးက တောင်နံရံမှာ တည်ဆောက်ထားတဲ့အတွက် ပါ့ဂ်ျ၊ ဆိုက်နဲ့ ဆန်းသို့စ်လို ရှေးဟောင်းမြို့တော်တွေ အပါအ၀င် ဒါဇင်နဲ့ချီတဲ့ ကမ်းခြေတလျှောက် မြို့တွေကို အပေါ်စီးက ကြည့်နိုင်ပါတယ်။ ဒီမြို့တော်ဟာ မြစ်ချိုင့်ဝှမ်းမှာ အံ့မခန်း တည်ဆောက်ထားပြီး ရှေးဟောင်းလမ်းဆီက လှမ်းကြည့်ရင်တောင် မမြင်နိုင်တဲ့အတွက် ထူးခြားပါတယ်။ အရာကွန်ဒါမြို့တော်ဟာ ခရစ်တော်မပေါ်မီ ၅ ရာစုမှာ အစောဆုံး ပျက်စီးခဲ့ပါတယ်။ သုတေသန ပညာရှင်တွေဟာ အဲဒီဒေသမှာ ၀ိုင်ပုလင်း ထောင်ပေါင်းများစွာ တွေ့ရှိခဲ့တဲ့အတွက် အရာကွန်ဒါမြို့သားတွေဟာ ယစ်ထုတ်တွေ ဖြစ်နိုင်ချေရှိတယ်လို့ ကောလာဟလတွေလည်း ရှိခဲ့ပါတယ်။ ၄။ ရှီးကျန်း (တရုတ်နိုင်ငံ) [caption id="attachment_104195" align="aligncenter" width="640"]ဓာတ်ပုံ - dailymail ဓာတ်ပုံ - dailymail[/caption] တရုတ်နိုင်ငံတောင်ပိုင်းမှာ တည်ရှိတဲ့ ခြင်္သေ့မြို့တော် အမည်ရ ရှီးကျန်းမြို့တော်ဟာ နှစ်ပေါင်း ၆၀၀ သက်တမ်းရှိခဲ့ပြီး ၁၉၅၉ ခုနှစ်မှာတော့ ဇင်အန်းမြစ်ကိုပိတ်ပြီး တည်ဆောက်မယ့် အစိုးရ ရေအားလျှပ်စစ်စီမံကိန်းကြောင့် ရေလွှမ်းမိုးခံခဲ့ရပြီး ကျန်းဒါအိုရေအိုင် ရေမျက်နှာပြင်အောက်ကို ရောက်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာတော့ “အရှေ့ဖျားက အတ္တလန်တစ်” အမည်တွင်တဲ့ အဲဒီမြို့ဟောင်းဆီ သွားနိုင်တဲ့ ပထမဆုံး ရေအောက်ခရီးစဉ် ဖြစ်ပေါ်လာခဲ့ပါတယ်။ ရေထုဟာ မြို့ကို ကောင်းစွာထိန်းသိမ်းထားနိုင်ပြီး သင့်အနေနဲ့ ရာပေါင်းများစွာသော ကျောက်တုံးတွေနဲ့ ဒဏ္ဍာရီလာ ဖီးနစ်ငှက်ပုံ၊ နဂါးပုံ၊ ခြင်္သေ့ပုံတွေ ပုံဖော်ထုဆစ်ထားတဲ့ လမ်းမကျယ်ကြီးတွေနဲ့ ကြီးမားခန့်ညားတဲ့ အဆောက်အအုံတွေကို မြင်တွေ့နိုင်မှာပါ။ ၅။ ဟာကျူလေနီယမ် (အီတလီနိုင်ငံ) [caption id="attachment_104197" align="aligncenter" width="650"]ဓာတ်ပုံ - pinterest ဓာတ်ပုံ - pinterest[/caption] ကမ္ဘာ့အကျော်ကြားဆုံး ရှေးဟောင်းသုတေသန နယ်မြေတွေထဲက တခုဖြစ်တဲ့ ပွန်းပေကို  သင်သိပါလိမ့်မယ်။ ဒါပေမယ့် ၇၉ ရာစုမှာ ဗစ်ဆူးဗီးယပ်စ်မီးတောင် ပေါက်ကွဲမှုကြောင့် ပွန်းပေနဲ့အိမ်နီးချင်း ကျူလေနီယမ်မြို့တော်ဟောင်းနှစ်ခုဟာ တူညီစွာ ပျက်စီးခဲ့ရတာကိုရော သိပါရဲ့လား။ လာရောက်လည်ပတ်သူအများစုဟာ ရှေးယခင်က ချမ်းသာကြွယ်ဝတဲ့ ရောမလူမျိုးတွေ နွေရာသီမှာ အပန်းဖြေနေထိုင်ခဲ့တဲ့ ပင်လယ်ကမ်းခြေမြို့လေးကို အပေါ်စီးက လေ့လာကြည့်ရှုနိုင်ပါတယ်။ ဒါပေမယ့် ဟာကျူလေနီယမ် ရှေးဟောင်းမြို့တော်မှာ နံရံဆေးရေးပန်းချီ၊ မှန်စီပန်းဖော်ပန်းချီတွေနဲ့ ပုံဖော်ထားတဲ့ စံအိမ်တော်တွေ၊ လမ်းမကျယ်ကြီးတွေ၊ ရောမရေချိုးကန်တွေ၊ တိုင်လုံးကြီးတွေ အခိုင်အခန့်နဲ့ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေကို တွေ့မြင်နိုင်ပါသေးတယ်။ ၆။ အော်လန်တေတမ်ဘို (ပီရူးနိုင်ငံ) [caption id="attachment_104198" align="aligncenter" width="584"]ဓာတ်ပုံ - 2pat ဓာတ်ပုံ - 2pat[/caption] အော်လန်တေတမ်ဘိုဟာ မက်ချူပီချူဒေသလောက် ကျော်ကြားခြင်းမရှိပေမယ့် မြို့တော်ဟာ ပီရူးနိုင်ငံတောင်ပိုင်း အင်ကာလူမျိုးတို့ရဲ့ မြင့်မြတ်တဲ့ တောင်ကြားမှာ တည်ရှိတာကြောင့် လာရောက်လေ့လာလည်ပတ်သူတွေ ရှိနေဆဲပါပဲ။ အဲဒီမြို့တော်ကို ၁၃ ရာစုမှာ မြေကမ္ဘာကို ကိုင်လှုပ်ခဲ့သူ အင်ကာဧကရာဇ် ပချာကျူတီက တည်ဆောက်ခဲ့တာဖြစ်ပြီး အင်ဒီးစ်တောင်တန်းပေါ်မှာ လူဦးရေ ၉၀၀၀ စုဝေးနိုင်တဲ့ အထိမ်းအမှတ်စင်တာ၊ စစ်တပ်၊ မြို့တော်နဲ့ တော်ဝင်အိမ်ရာတွေ ပါဝင်ပါတယ်။ မတ်စောက်တဲ့လှေကားထစ် တောင်စောင်းတွေက သင့်ကိုဆွဲဆောင်ကောင်း ဆွဲဆောင်နိုင်မှာမို့ အင်ကာတောလမ်း တောင်တက်ခရီးစဉ်အတွက် အခုပဲစတင်လိုက်ပါ။ ၇။ တီယိုတီဟွာခန် (မက္ကဆီကိုနိုင်ငံ) [caption id="attachment_104199" align="aligncenter" width="650"]ဓာတ်ပုံ - Thelmadatter ဓာတ်ပုံ - Thelmadatter[/caption] မာယာလူမျိုးစုတွေရဲ့ ဘိုးဘွားပိုင်နယ်မြေအဖြစ် တည်ရှိခဲ့တဲ့ တီယိုတီဟွာခန်ဟာ မက္ကဆီကိုနိုင်ငံရဲ့ အကျော်ကြားဆုံး ရှေးဟောင်းသုတေသန နယ်မြေတခု ဖြစ်နိုင်ပါတယ်။ မက္ကဆီကိုနိုင်ငံမှာ ရှေးဟောင်း အံ့ဖွယ်နေရာဒေသတွေ သိသိသာသာ ပျက်စီးခြင်း မရှိသေးပေမယ့် ဒီဒေသရဲ့ ခိုင်ခန့်တဲ့ ပိရမစ်တွေက သင့်ကို ရင်သပ်ရှုမော ဖြစ်စေပါလိမ့်မယ်။ မက္ကဆီကိုမြို့တော်ရဲ့ အရှေ့မြောက်ဘက် ၅၀ ကီလိုမီတာ အကွာမှာတည်ရှိတဲ့ ဒီမြို့တော်ကို ခရစ်တော်မပေါ်မီ ၁ ရာစုကတည်းက စတင်ခဲ့တာဖြစ်ပြီး မာယာအင်ပါယာက နောက်ထပ် ရာစုနှစ် ၆ စုတိုင် ပိုမိုခိုင်မာလွှမ်းမိုးနိုင်အောင် ဆက်လက်လုပ်ဆောင်ခဲ့တာပါ။ လူဦးရေ ၂၅၀၀၀ လောက်နေထိုင်ခဲ့ကြပြီး သက္ကရာဇ် ၁၄၀၀ မတိုင်ခင်မှာ ပေါ်ခဲ့တဲ့ အနောက်ဘက် အင်ပါယာတွေထဲမှာ အကြီးဆုံးဖြစ်တယ်လို့ ရှေးဟောင်း သုတေသနပညာရှင် ဂျော့ခ်ျကောင်းဂဲလ်က ပြောပါတယ်။ “အဲဒီမှာတွေ့ရတဲ့ လူနေထိုင်မယ့် နေရာထောင်ပေါင်းများစွာနဲ့ ပိရမစ်တွေက အီဂျစ်ရဲ့အကြီးဆုံး ပိရမစ်တွေနဲ့ နှိုင်းယှဉ်နိုင်ပါတယ်။” ၈။ ရှီအန်း (တရုတ်နိုင်ငံ) [caption id="attachment_104200" align="aligncenter" width="650"]ဓာတ်ပုံ - teflpanda ဓာတ်ပုံ - teflpanda[/caption] တရုတ်နိုင်ငံကို တဦးတည်း အုပ်ချုပ်မှုနဲ့ ပထမဆုံး အင်ပါယာ ထူထောင်ခဲ့တဲ့ ရှင်ရှီဟောင်ဟာ ခရစ်တော် မပေါ်ခင် ၃ ရာစုမှာ ကွယ်လွန်ခဲ့ပါတယ်။ အဲဒီအချိန်က ရှီအန်းမြို့တော်ဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးအရရော ယဉ်ကျေးမှုအရပါ အရေးကြီးဆုံးသော မြို့တော်အဖြစ် နှစ်ပေါင်း ၁၀၀၀ နီးပါး တည်ရှိခဲ့တာပါ။ ရှင်ရှီဟောင်နဲ့အတူ လူရာပေါင်းများစွာကို လူမဆန်စွာ အံ့အားသင့်ဖွယ် မြှုပ်နှံခဲ့ကြပါတယ်။ ဘုရင် ရှင်ရှီဟောင်ဟာ နောက်ဘ၀မှာ အင်ပါယာကို ဆက်လက်ကာကွယ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ စစ်သားပေါင်း အနည်းဆုံး ၇၀၀၀ လောက်ကို ကြေးလက်နက်တွေ သယ်ဆောင်စေပြီး ၁၉၇၂ ခုနှစ်မှာ ပုံသွန်းမြှုပ်နှံခဲ့ကြတာလို့ ဆိုပါတယ်။ ၉။ တီဝမ်နာကူ (ဘိုလီးဗီးယားနိုင်ငံ) [caption id="attachment_104201" align="aligncenter" width="620"]ဓာတ်ပုံ - Lemurian Grove ဓာတ်ပုံ - Lemurian Grove[/caption] ဘိုလီးဗီးယားနိုင်ငံ အနောက်ပိုင်း၊ ပေပေါင်း ၁၂၀၀၀ အမြင့်ရှိ အင်ဒီးစ်တောင်တန်းပေါ်မှာ တည်ရှိတဲ့ တီဝမ်နာကူမြို့တော်ဟာ တီတီကာကာ ရေအိုင်အနီးမှာ တည်ရှိတာဖြစ်ပါတယ်။ ၈ ရာစုကနေ ၁၁ ရာစုကြား တည်ရှိခဲ့တဲ့ ဒီမြို့တော်ဟာ ရိုးရာယုံကြည်မှုဆိုင်ရာနဲ့ နိုင်ငံရေး ဗဟိုချက်မနေရာတခုဖြစ်ခဲ့ပြီး နည်းပညာတိုးတက်မှု ပြယုဂ်ဖြစ်တဲ့ ခြင်းတောင်းပုံသဏ္ဌာန် ရေသွင်းစိုက်ပျိုးမှုဟာလည်း ပျံ့နှံ့ကျော်ကြားခဲ့ပါတယ်။ ကလာဆာဆရာ ဘုရားကျောင်း စုပေါင်းအဆောက်အအုံ၊ လမင်းဂိတ်တံခါးနဲ့ နေမင်းဂိတ်တံခါး စတဲ့ အောက်မေ့ဖွယ် အဆောက်အအုံတွေကို တခါတုန်းက လူသားတွေ နေထိုင်အသုံးပြုခဲ့ကြတဲ့ နေရာတွေအဖြစ် ရှေးဟောင်းသုတေသန ပညာရှင်တွေက တွေ့ရှိခဲ့ကြပြီးနောက်မှာ ဒီမြို့တော်က သင့်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ ဆီခေါ်ဆောင်သွားနိုင်ပါလိမ့်မယ်။ ၁၀။ အာ့ကဆန် (အီသီယိုးပီးယားနိုင်ငံ) [caption id="attachment_104202" align="aligncenter" width="650"]ဓာတ်ပုံ - solarey ဓာတ်ပုံ - solarey[/caption] အီသီယိုးပီးယား ဘုရင့်နိုင်ငံမြို့တော် အာ့ကဆန်ဟာ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက အရှေ့ပိုင်းရောမ အင်ပါယာနဲ့ ပါရှားနိုင်ငံကြားက အင်အားကြီးနိုင်ငံတခု ဖြစ်ခဲ့ဖူးပါတယ်။ ၁ ရာစုကနေ ၁၃ ရာစုထိ တည်ရှိခဲ့တဲ့ ဒီရှေးဟောင်းမြို့တော်မှာ ရှေးဟောင်းကျောက်စာတိုင်ကြီး၊ တော်ဝင်ကျမ်းစာအုပ်ကြီးတွေနဲ့ ကျောက်စာတိုင်တွေ ရှိခဲ့တာပါ။ (အဲဒီကျောက်စာတိုင်တွေထဲက တခုကို မူဆိုလီနီက ၁၉၃၇ ခုနှစ်မှာ ခိုးယူခဲ့ပြီး အီတလီအစိုးရက ၂၀၀၅ ခုနှစ်မှာ သုံးပိုင်းပြတ်နေတဲ့ အဲဒီကျောက်စာတိုင်ကို ပြန်လည်ပေးအပ်ခဲ့တာပါ။ ၂၀၀၈ ခုနှစ်မှာတော့ အဲဒီနေရာမှာ အနေအထားမပျက် ပြန်လည်ထိန်းသိမ်းထားခဲ့ပါတယ်) အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်း၊ ပင်လယ်နီနားမှာ တည်ရှိတဲ့ ဒီမြို့တော်ကို အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ ဂရီကိုရောမ အင်ပါယာက ဘုရင်တွေဟာ တနေရာတည်းမှာပဲ ကောင်းစွာထိန်းသိမ်းခဲ့ကြတာ ဖြစ်ပါတယ်။ ၁၁။ ကိုဟိုကီယာ (အမေရိကန်ပြည်ထောင်စု) [caption id="attachment_104203" align="aligncenter" width="650"]ဓာတ်ပုံ - beforeitsnews ဓာတ်ပုံ - beforeitsnews[/caption] ခုချိန်မှာ မြက်ခင်းဖုံး တောင်ကုန်းအစုလေးတွေအဖြစ်သာ မြင်နေရတဲ့ ဒီမြို့တော်ဟောင်းဟာ တချိန်တုန်းကတော့ အမေရိကမြောက်ပိုင်း၊ အကြီးဆုံး ရှေးကိုလံဘီယန်းနိုင်ငံတခု ဖြစ်ခဲ့ပါတယ်။ စိန့်လူးဝစ်မြို့ရဲ့ မြောက်ဘက်မှာတည်ရှိတဲ့ ကိုဟိုကီယာဟာ မစ္စစ္စပီ မြစ်ဝှမ်းယဉ်ကျေးမှုရဲ့ နိုင်ငံရေး၊ ဘာသာရေးနဲ့ စီးပွားရေးမြို့တော်တခုဖြစ်ပြီး ၁၁ ရာစုနဲ့ ၁၂ ရာစု အချိန် လူဦးရေ ၁၀၀၀၀ ကနေ ၂၀၀၀၀ ထိ နေထိုင်ခဲ့တာပါ။ ခုချိန်မှာ သင့်အနေနဲ့ အိမ်တွေ၊ အဆောက်အအုံတွေ၊ အခမ်းအနားကျင်းပရာ စင်တာတွေနဲ့ နက္ခတ်တာရာကြည့် မျှော်စင်တခု အပါအ၀င် မြက်ခင်းစိမ်းစိမ်းတောင်ကုန်း ၁၂၀ ထဲက ၅၁ ခုကို သွားရောက်လည်ပတ်နိုင်ပါလိမ့်မယ်။ ၁၂။ သီးဘီးစ် (အီဂျစ်နိုင်ငံ) [caption id="attachment_104204" align="aligncenter" width="650"]ဓာတ်ပုံ - ancient ဓာတ်ပုံ - ancient[/caption] ဘုရင်များရဲ့တောင်ကြား၊ ဘုရင်မများရဲ့တောင်ကြား၊ ကားနက်ခ်ဝတ် ကျောင်းတော်တည်ရှိရာ နေရာကတော့ အီဂျစ်တို့ရဲ့မြို့တော် လက်ခ်ဇာရဲ့ ရှေးဟောင်းနယ်မြေ သီးဘီးစ်ပဲဖြစ်ပါတယ်။ အီဂျစ်ဘုရင်တွေ အုပ်ချုပ်ခဲ့တဲ့ ဒီမြို့ဟောင်းဟာ ခရစ်တော်မပေါ်မီ သက္ကရာဇ် ၁၅၅၀ နဲ့ ၁၀၇၀ ကြား ထွန်းကားခဲ့တဲ့မြို့ ဖြစ်ခဲ့ပါတယ်။ သင့်ဦးခေါင်းအရွယ်အစား နှစ်ဆရှိ ခြေချောင်းရှိတဲ့ ရှေးသမိုင်းဝင် အထိမ်းအမှတ် ဖယ်ရိုးဘုရင် ရုပ်တုနားမှာရပ်ရင်း သင့်အနေနဲ့ ခမ်းနားတဲ့ စိတ်ခံစားမှုမျိုး ရရှိနိုင်ပါလိမ့်မယ်။ ၁၃။ ပါဆီပိုလစ် (အီရန်နိုင်ငံ) [caption id="attachment_104205" align="aligncenter" width="650"]ဓာတ်ပုံ - Ali Mjr ဓာတ်ပုံ - Ali Mjr[/caption] သင်ဟာ အမေရိကန်လူမျိုးတဦး ဖြစ်ခဲ့မယ်ဆိုရင်တော့ ဒီနေရာကိုသွားဖို့ နည်းနည်းတော့ ခက်နေပါလိမ့်မယ်။ ဒါပေမယ့် လက်ရှိနိုင်ငံရေး အခြေအနေတွေကို ထည့်မတွေးဘဲ အီရန်နိုင်ငံ အနောက်တောင်ပိုင်းက ကျော်ကြားလှတဲ့ ရှေးဟောင်းမြို့တော်ဆီကို တကြိမ်လောက်တော့ သွားရောက်လည်ပတ်သင့်ပါတယ်။ ပါရှန်အင်ပါယာမြို့တော်ကို အလက်ဇန်းဒါးဘုရင် ကျူးကျော်သိမ်းယူပြီးနောက် ကျန်နေခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ သက်တမ်းရှိ တော်ဝင်နန်းတော်၊ ရတနာသိုက်နဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို လေ့လာနိုင်မှာပါ။ ၁၄။ မယ်ဆာဗာဒေး (အမေရိကန်ပြည်ထောင်စု) [caption id="attachment_104206" align="aligncenter" width="650"]ဓာတ်ပုံ - fodors ဓာတ်ပုံ - fodors[/caption] ကော်လိုရာဒိုအနောက်တောင်ဘက်မှာ တည်ရှိတဲ့ ချောက်ကမ်းပါးမှာ တည်ဆောက်ထားတဲ့ နေအိမ်တွေမှာ နေထိုင်ခဲ့ကြတဲ့ ပါဘလိုလူမျိုးတွေ ရှေးဦးမဆွ နေထိုင်ခဲ့ကြရာ နေရာတွေပါ။ စပိန်ဘာသာစကားနဲ့ အစိမ်းရောင်စားပွဲလို့ အမည်ရတဲ့ မယ်ဆာဗာဒေးဟာ ၆ ရာစုကနေ ၁၃ ရာစုထိ ထွန်းကားခဲ့တဲ့ မြို့တော်ဖြစ်ပြီး ရှေးဟောင်းသုတေသန နယ်မြေ ၅၀၀၀ ထဲက တခုအပါအ၀င်ဖြစ်ပြီး ချောက်ကမ်းပါးမှာ တည်ဆောက်ထားတဲ့ နေအိမ် ၆၀၀ ကို လေ့လာနိုင်ပါတယ်။ အကျော်ကြားဆုံးနေရာကတော့ ချောက်ကမ်းပါး နန်းတော်ပါပဲ။ ၁၅။ မိုဟန်ဂျိုဒါရို (ပါကစ္စတန်နိုင်ငံ) [caption id="attachment_104207" align="aligncenter" width="650"]ဓာတ်ပုံ - nationalgeographic ဓာတ်ပုံ - nationalgeographic[/caption] အိန္ဒုချိုင့်ဝှမ်းမြို့ပြဖြစ်ထွန်းမှုဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ ကတည်းက စတင်ခဲ့ပြီး မိုဟန်ဂျိုဒါရိုကတော့ ခုချိန်မှာ ကမ္ဘာပေါ်က လျှို့ဝှက်ဆန်းကြယ်ဆုံး ရှေးဟောင်းမြို့တော်တခု ဖြစ်နေပါပြီ။ ပါကစ္စတန်နိုင်ငံ တောင်ပိုင်းမှာတည်ရှိတဲ့ ဒီမြို့တော်မှာတော့ အများသုံးရေချိုးကန်တွေ၊ လူထောင်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ အဆောက်အအုံတွေ၊ ဈေးတွေ၊ ရေနုတ်မြောင်းစနစ်တွေ အပါအ၀င် လူနေထိုင်မှုပုံစံတွေကို လေ့လာနိုင်မှာပါ။ ဒါဟာ ဘာသာစကားတခုကို လေ့လာရုံမကပါဘူး။ ခမ်းနားကြီးကျယ်တဲ့ ရှေးဟောင်း သုတေသနဆိုင်ရာ တွေ့ရှိမှုတွေထဲက တခုပါပဲ။
6 years Ago
Up