ရှေးဟောင်းပစ္စည်း

March 22, 2019

အီဂျစ်ဘုရင်၏ ဂူဗိမာန်ထဲမှ တွေ့ရှိသည့် ရှေးဟောင်းပစ္စည်းများကို ပါရီတွင် ပြသမည်

အီဂျစ်ဘုရင် တူတန်ခါမန်ရဲ့ ဂူဗိမာန်ထဲက တွေ့ရှိခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေကို မတ်လ ၂၃ ရက်နေ့ကျရင် ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ပထမဆုံး ပြသသွားမှာ ဖြစ်ပါတယ်။ ဘုရင် တူတန်ခါမန်ရဲ့ ဂူဗိမာန်ကို အီဂျစ်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ၁၀၀ နီးပါးက ရှာတွေ့ခဲ့ပြီး အဲဒီ အဖိုးတန်ရှေးဟောင်းပစ္စည်းတွေကို ကမ္ဘာအနှံ့ လှည့်လည်ပြသသွားမှာပါ။ ပါရီပြပွဲမှာ တူတန်ခါမန်ရဲ့ ဂူဗိမာန်ထဲက စုစုပေါင်း ရှေးဟောင်းပစ္စည်းအမျိုးအစား ၁၅၀ ကို ပြသမှာဖြစ်ပြီး အဲဒီထဲက တချို့ပစ္စည်းတွေကို အခုမှ ပထမဆုံး ထုတ်ဖော်ပြသတာလို့ ပြပွဲစီစဉ်သူက ပြောပါတယ်။ အဲဒီပြပွဲဟာ ဗြိတိန် ရှေးဟောင်းသုတေသန ပညာရှင် ဟောင်းဝဒ်ကာတာက တူတန်ခါမန်ရဲ့ ဂူဗိမာန်ကို ရှာတွေ့ခဲ့တဲ့ ရာပြည့်အထိမ်းအမှတ် အနေနဲ့ ပြုလုပ်တာလည်း ဖြစ်ပါတယ်။ အီဂျစ်နိုင်ငံမှာ ၂၀၁၁ ခုနှစ်က ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာပြီးနောက်  ရှေးဟောင်းသုတေသန လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရပါတယ်။ လက်ရှိမှာတော့ အီဂျစ်အစိုးရဟာ အမေရိကန်ဒေါ်လာ ၁ ဘီလျံ အကုန်အကျခံပြီး တည်ဆောက်ထားတဲ့ Grand Egyptian Museum ပြတိုက်ကို ၂၀၂၀ ခုနှစ်မှာ ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။ နာမည်ကျော် ဂီဇာ ပိရမစ်နားမှာ တည်ဆောက်ထားတဲ့ အဲဒီပြတိုက်မှာ ဘုရင် တူတန်ခါမန်ရဲ့ ဂူဗိမာန်ကနေ တူးဖော်ရရှိထားတဲ့ ရှေးဟောင်းပစ္စည်းအားလုံးကို ပြသသွားမှာပါ။ တူတန်ခါမန်ရဲ့ ရှေးဟောင်းပစ္စည်း လှည့်လည်ပြပွဲကနေ အီဂျစ်နိုင်ငံကို ခရီးသွားတွေ လာရောက်ဖို့ အီဂျစ်အစိုးရက မျှော်လင့်နေပါတယ်။ မကြာသေးခင်နှစ်တွေက စစ်သွေးကြွတိုက်ခိုက်မှုတွေ ရှိခဲ့ပေမယ့် အီဂျစ်နိုင်ငံဟာ ဘေးကင်းလုံခြုံတယ် ဆိုတာကို အီဂျစ်အစိုးရက သတင်းစကား ပါးလိုက်တာလည်း ဖြစ်ပါတယ်။
3 years Ago

September 21, 2018

ပီရူးနိုင်ငံမှ ခိုးထုတ်ခံရသည့် ရှေးဟောင်းပစ္စည်း ၁၇ဝဝ ကျော် ပြန်လည် သိမ်းဆည်းရမိ

ပီရူးနိုင်ငံကနေ ခိုးထုတ်ခံရတဲ့ ရှေးဟောင်းပစ္စည်း ၁,၇၀၀ ကျော်ကို ပြန်လည်သိမ်းဆည်းရမိခဲ့တယ်လို့ ပီရူးအာဏာပိုင်တွေက စက်တင်ဘာ ၂၀ ရက်နေ့က ပြောကြားလိုက်ပါတယ်။ အဲဒီရှေးဟောင်းပစ္စည်းတွေထဲမှာ စပိန်အုပ်စိုးမှုမတိုင်မီ ယဉ်ကျေးမှုအမျိုးမျိုးက အမွေအနှစ် အသုံးအဆောင်တွေလည်း ပါဝင်ပါတယ်။ ဒီရှေးဟောင်းပစ္စည်းတွေကို ကမ္ဘာတဝန်းရှိ ပီရူးကောင်စစ်ဝန်ရုံးတွေနဲ့ ဒေသခံ အာဏာပိုင်တွေ ပူးပေါင်းပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရာကနေ ပြန်လည်ရရှိခဲ့တာပါ။ အဲဒီပစ္စည်းတွေကို သြစတြေးလျ၊ အမေရိကနဲ့ ဟော်လန်တို့လို နိုင်ငံတွေကနေ ပြန်လည် သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၈ နှစ်အတွင်း ပီရူးဟာ နိုင်ငံကနေ ခိုးထုတ်ခံရတဲ့ ရှေးဟောင်းပစ္စည်း ၇,၀၀၀ ကျော် ပြန်လည် ရရှိခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
More News
Up