ရှေးဟောင်းဂူသင်္ချိုင်း

February 1, 2019

အီဂျစ်တွင် နှစ်ပေါင်း ၃၃၀၀ သက်တမ်းရှိ ဂူသင်္ချိုင်းကို မွမ်းမံပြီးနောက် ပြန်လည်ဖွင့်လှစ်

အီဂျစ်နိုင်ငံက နှစ်ပေါင်း ၃၃၀၀ သက်တမ်းရှိတဲ့ တူတန်ခါမန် ဂူသင်္ချိုင်းကို ၉ နှစ်ကြာ ပြန်လည်မွမ်းမံပြီးနောက် ဇန်နဝါရီ ၃၁ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ လော့စ်အိန်ဂျလိစ်အခြေစိုက် Getty အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့အစည်းက အဖွဲ့တဖွဲ့ ဦးဆောင်ပြီး ဆယ်စုနှစ်တခုကြာတဲ့ ဂူသင်္ချိုင်း ပြန်လည်မွမ်းမံရေးကို လုပ်ဆောင်ခဲ့တာပါ။ တူတန်ခါမန် ဂူသင်္ချိုင်းဟာ ကမ္ဘာလှည့်ခရီးသည်တွေ နှစ်ပေါင်းများစွာ လာရောက်မှုကြောင့် ယိုယွင်းလာတာ ဖြစ်ပါတယ်။ ဒီဂူသင်္ချိုင်းကို အရင်က အကြိမ်ပေါင်းများစွာ ပြင်ဆင်ခဲ့ပေမယ့် ဖုန်မှုန့်ဒဏ်၊ ဧည့်သည်လာရောက်မှုနဲ့ ရာသီဥတုကြောင့် ၁၀ နှစ်စီမံကိန်း ရေးဆွဲ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ ပြင်ဆင်ရေးလုပ်ငန်းစဉ်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ၊ ဗိသုကာပညာရှင်တွေနဲ့ သိပ္ပံပညာရှင်တွေ ပါဝင်ခဲ့ပါတယ်။ အဲဒီလို ပြင်ဆင်ရာမှာ အခက်ခဲဆုံးကတော့ တုခ် မံမီရုပ်ရှိရာ ကီလို ၂၅၀ လေးတဲ့ မှန်ခေါင်းကို ရွှေ့ပြီး ကြမ်းခင်းကို မွမ်းမံရတာဖြစ်တယ်လို့ Getty အမွေအနှစ်ထိန်းသိမ်းရေး အဖွဲ့အစည်းက ပြောပါတယ်။ အဲဒီ တူတန်ခါမန် ဂူသင်္ချိုင်းကို ဗြိတိန် ရှေးဟောင်းသုတေသန ပညာရှင် ဟောင်းဝပ်ကာတာက ၁၉၂၂ ခုနှစ်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
2 years Ago
Up