ရှေးဟောင်း

July 29, 2015

နှစ် ၅၀၀၀ သက်တမ်းရှိ ကြောက်စရာအိမ်ကြီးထဲမှ လူသေ ၉၇ လောင်းတွေ့ရှိ

တရုတ်နိုင်ငံမြောက်ပိုင်း၊ နှစ်ပေါင်း ၅၀၀၀ သက်တမ်းရှိ ရွာဟောင်းထဲက အိမ်တလုံးထဲမှာ နှစ်မြုပ်ခံခဲ့ရတဲ့ လူ ၉၇ ဦးရဲ့ အလောင်းတွေကို ရှေးဟောင်းသုတေသန ပညာရှင်တွေက တွေ့ရှိခဲ့တယ်လို့ The Mirror သတင်းမှာ ဖော်ပြပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ အဲဒီအိမ်ဟာ ဒီနေ့ခေတ် အိမ်တွင်း တင်းနစ်ကစားကွင်းတခုထက် ငယ်ပြီး အိမ်တွင်းတွေ့ရှိရတဲ့ အလောင်းတွေထဲမှာ ဆယ်ကျော်သက်လူငယ်တွေ အပါအ၀င် သက်လတ်ပိုင်းအရွယ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ကြွင်းကျန် လူသေအလောင်းတွေကို လေ့လာနေတဲ့ ရှေးဟောင်းသုတေသန ပညာရှင်တွေက သေဆုံးခဲ့သူတွေဟာ ကပ်ရောဂါလို သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးခဲ့တာဖြစ်ပြီး မြှုပ်နှံမယ့်အစား အဲဒီအိမ်ထဲမှာ စုပြုံပစ်ထားခဲ့ကြတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ “ဟမင်မန်ဂါ” လို့ အမည်တွင်တဲ့ ရှေးဟောင်းသုတေသန နယ်မြေမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ က နေထိုင်ခဲ့ကြသူတွေရဲ့ စိုက်ပျိုးရေး၊ နေထိုင်မှုပုံစံ၊ အစားအစာရှာဖွေမှု ပုံစံတွေကို လေ့လာနေကြတာ ဖြစ်ပါတယ်။ တရုတ်ရှေးဟောင်း သုတေသနဆိုင်ရာဂျာနယ်မှာ ဟမင်မန်ဂါနယ်မြေဟာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း အကြီးဆုံးနဲ့ အကောင်းဆုံး ထိန်းသိမ်းထားနိုင်တဲ့ ရှေးဦးလူတွေရဲ့ နေထိုင်မှုပုံစံတွေကို တွေ့နိုင်တဲ့ နယ်မြေဖြစ်တယ်လို့ ဖော်ပြပါတယ်။
6 years Ago

May 28, 2015

တရုတ်တွင် ရှေးဟောင်းသမိုင်းဝင်ပစ္စည်းများ ခိုးယူသူ ၁၇၅ ဦး ဖမ်းမိ

တရုတ်နိုင်ငံမှာ ရှေးဟောင်းသမိုင်းဝင်ပစ္စည်းတွေကို တူးဖော်ခိုးယူသူ ၁၇၅ ဦးကို နိုင်ငံအရှေ့မြောက်ပိုင်းမှာ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ၅၀၀၀ က မြှုပ်နှံထားခဲ့တဲ့ ဂူသင်္ချိုင်းတွေကို အုပ်စုဖွဲ့ တူးဖော် ခိုးယူခဲ့ကြပြီး အမေရိကန်ဒေါ်လာ သန်း ၈၀ ကျော် တန်ကြေးရှိတဲ့ ရှေးဟောင်းပစ္စည်းစုံ အမျိုး ၁၀၀၀ ကျာ် သိမ်းဆည်းရမိခဲ့တာပါ။ ဒီအမှုကို ၉ လကြာ ဖော်ထုတ်ခဲ့ရပြီး အစိုးရအာဏာပိုင် ၁၀၀၀ ကျော် ပါဝင်ပတ်သက်ခဲ့တယ်လို့လည်း အစိုးရပိုင် စီစီတီဗွီသတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ ရှေးဟောင်းသုတေသနပညာရှင်တွေနဲ့ ရှေးဟောင်းပစ္စည်းကျွမ်းကျင်သူတွေ၊ ပြတိုက် ပြခန်းပိုင်ရှင်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဒီရှေးဟောင်းပစ္စည်း သူခိုးဂိုဏ်းဟာ သူတို့သဘောသဘာဝအရ မိသားစုဝင်တွေနဲ့ပဲ အခြေပြုဖွဲ့စည်းကြပြီး ပိပိရိရိဆောင်ရွက်တတ်ကြတာကြောင့် အမှုကို ဖော်ထုတ်နိုင်ဖို့ အလွန်ခက်ခဲခဲ့တယ်လို့ Chaoyang မြို့ ဒုရဲမှူးကြီးက ပြောဆိုပါတယ်။ သူတို့တွေဟာ ရှေးဟောင်းပစ္စည်းနဲ့ ရိုးရာဖုန်းရွှေပညာတွေကို ကျွမ်းကျင်ကြပြီး အဆင့်မြင့်နည်းပညာပစ္စည်းတွေနဲ့ တူးဖော်ခိုးယူခဲ့ကြတယ်လို့လည်း သတင်းက ဆိုပါတယ်။
7 years Ago
Up