ရှေးဦးလူသား

A d v e r t i s e m e n t With Us

January 31, 2018

အစ္စရေးနိုင်ငံ ဂူတခုအတွင်းမှ ရှေးဦးလူသား၏ အပေါ်မေးရိုးရုပ်ကြွင်းတခု တူးဖော်ရရှိ

အစ္စရေးနိုင်ငံ ဂူတခုအတွင်း သွား ၇ ချောင်းပါ မေးရိုးပိုင်းရုပ်ကြွင်း တူးဖော်တွေ့ရှိချက်အရ  ရှေးအကျဆုံး ဟိုမိုဆာပီးယန်းတွေဟာ အာဖရိကတိုက်ပြင်ပမှာ ရှိနေဆဲဖြစ်တယ်ဆိုပြီး သိပ္ပံပညာရှင်တွေက ဆိုလိုက်ပါတယ်။ အစ္စရေးနိုင်ငံ ဟိုင်ဖာဆိပ်ကမ်းမြို့ တောင်ပိုင်း ကာမယ်တောင်ရှိ မစ်ဆီလီယာဂူအတွင်းကနေ ရှေးဦးလူသားတဦးရဲ့ အပေါ်မေးရိုး ရုပ်ကြွင်းတခုကို တူးဖော်ရရှိခဲ့တယ်လို့ သုတေသနပညာရှင်တွေက ဇန်နဝါရီ ၂၅ ရက်နေ့မှာ ကြေညာခဲ့တာပါ။ အဲဒီ တူးဖော်တွေ့ရှိချက်နဲ့ ပတ်သက်လို့ တဲလ်အဗစ်တက္ကသိုလ် ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်က “ဒီမေးရိုးပိုင်းဟာ ခေတ်သစ် လူသားဆင့်ကဲပြောင်းလဲပုံ အယူအဆကို ပြောင်းလဲပစ်လိုက်တာပါ။ ဒါကိုမတွေ့ရှိခင်က ခေတ်သစ်လူသားတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်သိန်းနဲ့ နှစ်သိန်းခွဲကြား တချိန်ချိန်မှာ အာဖရိကတိုက်မှာ ဆင့်ကဲပြောင်းလဲတိုးတက်ခဲ့ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းတသိန်းဝန်းကျင်မှာ အာဖရိကကနေ ထွက်သွားခဲ့တယ်ဆိုပြီး လက်ခံထားတာပါ။ အခုတော့ ခေတ်သစ်လူသားတွေဟာ အကြမ်းဖျင်း လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်သိန်းဝန်းကျင်လောက်ကတည်းက အာဖရိကကနေ ထွက်သွားခဲ့ပြီးပါပြီ။ ဒီအတွက် ကျေန်ာတို့ လူသားမျိုးနွယ် ဇီဝသမိုင်းဟာ အတော်လေးကြာပြီး နှစ်ပေါင်း ငါးသိန်းဝန်းကျင်လောက်ကို ရောက်သွားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အဲဒီတွေ့ရှိချက်နဲ့ပတ်သက်ပြီး ဟိုင်ဖာတက္ကသိုလ် ရှေးဟောင်းသုတေသနပညာရှင်က “အဲဒီ ဟိုမိုဆာပီးယန်းမေးရိုးကို ရှေးဟောင်းတူးဖော်ရေး အလွှာတွင်းကနေ တူးဖော်ရရှိတာပါ။ အဲဒီအလွှာတွင်းကပဲ ဒီ မီးခတ်ကျောက်တွေအားလုံးကို တွေ့ရှိတာပါ။ သူတို့အမဲလိုက်ခဲ့တဲ့ တိရစ္ဆာရိုး အများကြီးတွေ့ရတယ်။ အပင်တွေအသုံးပြုတဲ့ သက်သေအထောက်အထား တွေ့တယ်။ လက်နက်တွေနဲ့ ဆိတ်၊ သမင်တွေကို အမဲလိုက်ခဲ့တယ်။ ဒါတွေက လက်နက်တွေရဲ့ မီးခတ်ကျောက်ထိပ်တွေပါ။ ဒါဟာ ဟိုမိုဆားပီးယန်းတွေရဲ့ ဆန်းသစ်ဖန်တီးမှုပါ” လို့ ဆိုပါတယ်။ အခုတွေ့ရှိချက်ဟာ အာဖရိကကနေ လူသားတွေ ပိုပြီး စောစီးစွာ ပြောင်းရွှေ့ခဲ့ကြတယ်ဆိုတဲ့ တခြားယူဆချက်တွေကို ခိုင်မာစေတဲ့ စိတ်လှုပ်ရှားဖွယ်တွေ့ရှိမှု ဖြစ်တယ်ဆိုပြီး ဘင်ဟမ်တန်တက္ကသိုလ် ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် ရော့ဖ်ကွမ်က ပြောကြားခဲ့ပါတယ်။
3 years Ago

September 11, 2015

တောင်အာဖရိကတွင် ရှေးဦးလူသား မျိုးစိတ်သစ်တခု တွေ့ရှိ (ရုပ်သံ)

တောင်အာဖရိကနိုင်ငံက ကျောက်ဂူတခုထဲမှာ မြှုပ်နှံထားတဲ့ ခေတ်သစ်လူသားနဲ့ နီးစပ်တဲ့ ရှေးဦးလူသား မျိုးစိတ်သစ်တခုကို သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့တယ်လို့ စက်တင်ဘာ ၁၀ ရက်နေ့က eLife သတင်းဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ ဒီရှေးဦးလူသား ရုပ်ကြွင်းအပိုင်းအစ ၁၅ ခုဟာ အာဖရိကတိုက်မှာ ရှာတွေ့သမျှ ရှေးဦးလူသားမျိုးစိတ်တွေထဲ တနေရာတည်းမှာ အကြီးဆုံးတွေ့ရှိမှု ဖြစ်တယ်လို့ သုသေတနပညာရှင်တွေက ဆိုပါတယ်။ ဒီရှေးဦးလူသားမျိုးစိတ်သစ်ကို တွေ့ရှိခဲ့တဲ့အတွက် လူသားတွေအပေါ် အရင် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့ အယူအဆတွေကို ပြောင်းလဲနိုင်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ ဒီနောက်ဆုံးတွေ့ရှိတဲ့ မျိုးစိတ်ကို နာလီဒီ (naledi) မျိုးစိတ်လို့ အမည်ပေးထားပြီး ခေတ်သစ် လူသားအုပ်စုဖြစ်တဲ့ ဂျီနတ်စ်ဟိုမို (genus Homo) အုပ်စုထဲကိုပဲ ထည့်ထားပါတယ်။ ဒီရှေးဦးလူသားတွေ ဘယ်နှစ်အပိုင်းအခြားက နေထိုင်ခဲ့ကြတယ်ဆိုတာကို သုတေသန ပညာရှင်တွေက မပြောနိုင်သေးပေမယ့် နောက်ဆက်တွဲ တွေ့ရှိချက်တွေအရ သူတို့တွေမှာ ကိုးကွယ်ယုံကြည်မှု ရှိခဲ့တယ် ဆိုတာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ သုသေတန အဖွဲ့ခေါင်းဆောင် ပါမောက္ခ လီးဘာကာကတော့ ခေတ်သစ်လူသားတွေရဲ့ ရှေးအကျဆုံး လူသားမျိုးစိတ်ဖြစ်မယ်လို့ ယုံကြည်ပြီး လွန်ခဲ့တဲ့ အနှစ် ၃ သန်းက အာဖရိကတိုက်မှာ နေထိုင်ခဲ့တာ ဖြစ်နိုင်တယ်လို့ ပြောဆိုပါတယ်။ တခြားပညာရှင်တွေ ယုံကြည်ကြသလိုပဲ သမိုင်းမတင်ခင် ခြေ ၂ ချောင်းလျှောက် ရှေးဦးတိရစ္ဆာန်တွေနဲ့ ခေတ်သစ်လူသားတွေကြားမှာ ပြတ်နေတဲ့ ကွင်းဆက်ကို ဒီ နာလီဒီမျိုးစိတ်က ချိတ်ဆက်ပေးနိုင်တယ်လို့ ပညာရှင်တွေက ပြောဆိုပါတယ်။ ၂၁ ရက်ကြာ ရှာဖွေမှုဟာ အာဖရိကတိုက်မှာ ရှာတွေ့ခဲ့သမျှ လူသားနဲ့ အနီးစပ်ဆုံး ရှေးဦးရုပ်ကြွင်းထဲမှာ အကြီးဆုံး ရှာဖွေတွေ့ရှိမှုဖြစ်ပြီး အရေးကြီးတဲ့ တွေ့ရှိမှုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ နာလီဒီမျိုးစိတ်မှာ ရှေးဦးလူသားနဲ့ ခေတ်သစ်လူသားတွေရဲ့ အသွင်အပြင်တွေ ရောနှောပါဝင်တဲ့အတွက် သိပ္ပံပညာရှင်တွေ အရင်က ဖွင့်ဆိုခဲ့တဲ့ လူသားဆိုတဲ့ အဓိပ္ပာယ်ကို ပြန်လည်သုံးသပ်ရတော့မှာ ဖြစ်တယ်လို့ ပါမောက္ခ ဘာဂါက ဆိုပါတယ်။
5 years Ago
Up