ရွေ့လျားစက်မှုသင်တန်း

August 18, 2018

မြိုင်မြို့တွင် ရွေ့လျားစက်မှုသင်တန်းပေး

စက်မှုဝန်ကြီးဌာန ပညာရေးဝန်ကြီးဌာနနဲ့ မကွေးတိုင်းအစိုးရတို့ ပူးပေါင်းပြီး မြိုင်မြို့မှာ ရွေ့လျားစက်မှု သင်တန်းတွေ ပေးနေပါတယ်။ ပခုက္ကူစက်မှုသင်တန်းကျောင်းက ကျောင်းဆရာတွေဦးဆောင်ပြီး မြိုင်မြို့မှာ သြဂုတ်လ ၁ဝ ရက်ကနေ ၂၄ ရက်နေ့ထိ ၁၄ ရက် ရက်တိုသင်တန်းကို ပို့ချနေပါတယ်။ အခုလို သင်တန်းတွေကို အမြို့မြို့အနယ်နယ်က ရက်ရှည်သင်တန်းမတက်နိုင်တဲ့ စက်မှုဝါသနာရှင် ဒေသခံတွေအတွက် ရည်ရွယ်လုပ်ဆောင်နေတာပါ။ ပခုက္ကူ  အမှတ် ၄ စက်မှုသင်တန်းကျောင်း သင်တန်းရေးရာဌာနမှူး ဦးလှမျိုးဦးက “ဒီ ၁၄ ရက် ရက်တိုသင်တန်းက တစ်နှစ်သင်တန်း မတက်နိုင်တဲ့လူတွေ၊ သုံးလသင်တန်းမတက်နိုင်တဲ့လူတွေပေါ့။ ဒီနယ်တွေမှာ ရှိနေတဲ့ စက်မှုဝါသနာပါတဲ့လူတွေ ဒီသင်တန်းတွေ အရောက် လာပေးခြင်းဖြင့် သူတို့တွေကို ပညာမျှဝေတာပါ” လို့ ပြောပါတယ်။ ဒီသင်တန်းမှာ လယ်ယာသုံးစက်တွေ ပြုပြင်ထိန်းသိမ်းတာနဲ့ မော်တော်ဆိုင်ကယ်စက် ပြုပြင်ထိန်းသိမ်းမှု အခြေခံတွေကို သင်ကြားပေးခဲ့ပါတယ်။ သင်တန်းလာတက်တဲ့ မြိုင်မြို့ အမှတ် ၂ ရပ်ကွက်နေ ကိုကျော်ဇင်ဝင်းက “ကျနော်က စက်ပြင်ဝါသနာကိုပါတာ။ ကျနော်ဒီမှာ သင်တန်းရှိတယ်ဆိုတာ ဒီညနေမှပဲသိတာပါ။ ဖွင့်ပွဲတော့ မမီလိုက်ဘူး။ ညနေမှ ဝါသနာပါလို့ ရောက်လာခဲ့တာ။ အဲဒါကြောင့် ဒီကိုတက်ဖြစ်တယ်၊ အားရကျေနပ်မှုကလည်း ကိုယ့်ဟာနဲ့ကိုယ်ပြင် ကိုယ်ဟာနဲ့ကိုယ်နှိုးဆိုတော့ အားရကျေနပ်မှုတော့ အရမ်းရှိတာပေါ့” လို့ ပြောပါတယ်။ ပခုက္ကူမြို့ အမှတ် ၄ စက်မှုသင်တန်းကျောင်းအနေနဲ့ လယ်ယာသုံးစက်ပြုပြင်တာ၊ မော်တော်ဆိုင်ကယ်ပြုပြင်တာအပြင် အိမ်မှာ လျှပ်စစ်သွယ်တန်းမှု သင်တန်းကိုပါ သင်တန်းပို့ချပေးပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်က သင်တန်းသားဦးရေ ၁၃ဝ သင်ကြားပေးနိုင်ခဲ့ပါတယ်။
3 years Ago
Up