ရွေးကောက်ပွဲ ရုရှားဝင်စွက်ဖက်မှု ရီပတ်ဘလစ်ကန်များ မသိကျိုးကျွံပြုဟု ဒီမိုကရက်စွပ်စွဲ

January 11, 2018

ရွေးကောက်ပွဲ ရုရှားဝင်စွက်ဖက်မှု ရီပတ်ဘလစ်ကန်များ မသိကျိုးကျွံပြုဟု ဒီမိုကရက်စွပ်စွဲ

ပြီးခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားဝင်ရောက်စွက်ဖက်တာကို ရီပတ်ဘလစ်ကန်တွေ မသိကျိုးကျွံ ပြုနေတယ်လို့ ဒီမိုကရက်တွေက စွပ်စွဲပြောကြားလိုက်ပါတယ်။ ရုရှားဝင်ရောက်စွက်ဖက်တာကို အပြည့်အဝ စုံစမ်းစစ်ဆေးဖို့ ရီပတ်ဘလစ်ကန် အမတ်တွေကို အောက်လွှတ်တော်မှာရှိတဲ့ ထိပ်တန်း ဒီမိုကရက်အမတ်တွေက ဇန်နဝါရီ ၉ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။ “ကျမတို့ မဲပေးတဲ့စနစ်ကို ရုရှားတိုက်ခိုက်တာနဲ့ ပတ်သက်လို့ အမေရိကန်ပြည်သူတွေ အနေနဲ့ ရှင်းလင်းမျှတတဲ့ စုံစမ်းစစ်ဆေးမှု ရထိုက်ပါတယ်။ ဒါပေမယ့် ရီပတ်ဘလစ်ကန် ကြီးစိုးတဲ့ လွှတ်တော်ဟာ ဒီမိုကရက်တွေရဲ့ အဲဒီကြိုးပမ်းမှုကို ဆက်ပြီး တားဆီးနေတယ်” လို့ အောက်လွှတ်တော် လူနည်းစုခေါင်းဆောင် နန်စီပယ်လိုစီက ပြောခဲ့ပါတယ်။ ကယ်လီဖိုးနီးယား ဒီိမိုကရက်အမတ် မက်ဇင်း ဝေါတာစ်က “အမေရိကန်သမ္မတအနေနဲ့ ရုရှား ဝင်ရောက်စွက်ဖက် လိမ်ညာတာကို ဆန့်ကျင်ကြောင်း ပြကို ပြသရမယ်။ အမေရိကန်သမ္မတက ပူတင်နဲ့ စကားပြောတဲ့အခါ သူမလုပ်ဘူး ဆိုတာကိုပဲ ပြောတယ်။ အဲဒါကို ကျမ စိတ်အနှောင့်အယှက်ဖြစ်တာ။ အမေရိကန်သမ္မတတယောက် အနေနဲ့ ကျနော်တို့ ဒါမျိုး သည်းမခံနိုင်ပါဘူး၊ ကျနော်တို့ ပူးပေါင်းဆောင်ရွက်တော့မှာ မဟုတ်ဘူး၊ ကျနော်တို့ ရွေးကောက်ပွဲကို ဒီလို ဝင်စွက်ဖက်တာကို သည်းညည်းခံတော့မှာ မဟုတ်ဘူးဆိုပြီး ခေါင်းဆောင်တဦးအနေနဲ့ ပြောရမှာကို။ သမ္မတဆီကနေ အဲဒီလိုပြောတာမျိုး မကြားရသေးဘူး” လို့ ပြောပါတယ်။
4 years Ago
Up