ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်လိုသူများ

October 10, 2015

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မည်ဟု ဗြိတိန်သံအမတ်ကြီး ပြော

ပြည်တွင်းနဲ့ နိုင်ငံတာကာ စောင့်ကြည့်ရေးအဖွဲ့တို့ ပူးပေါင်းပြီး လာမယ့်ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်သွားမယ်လို့  မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံမတ်ကြီးက ပြောပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့၊ မဲလိမ်မဲခိုးတာတွေကို ကာကွယ်ဖို့ နိုင်ငံတာကာ လေ့လာစောင့်ရေးအဖွဲ့နဲ့ ပြည်တွင်းက စောင့်ကြည့်ရေးအဖွဲ့တွေ ပှုးပေါင်း လေ့လာစောင့်ကြည့်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံမတ်ကြီး အန်ဒရူးပက်ထရစ် (Andrew Patrick) က ပြောပါတယ်။ အောင်တိုဘာ ၈ ရက်နေ့က မုံရွာမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေနဲ့တွေဆုံချိန် ပြောကြားလိုက်တာဖြစ်ပါတယ်။ အန်ဒရူးက “နိုင်ငံတာကာစောင့်ကြည့်ရေးအဖွဲ့မှာလည်း ကျနော်တို့ပါဝင်ပတ်သက်မှာ ဖြစ်ပါတယ်။  ဥရောပ နိုင်ငံကနေ လေ့လာစောင့်ကြည့်မယ့်သူ ၁၅၀ ကျော်၊ အမေရိကန်ကလည်း ၁၅၀ ကျော်၊ သြစတြေးလျကလည်း ၁၀၀ ကျော် ပါဝင်မယ်။ သူတို့တွေ မြန်မာနိုင်ငံ အနှံ့ စောင့်ကြည့်မှာဖြစ်ပါတယ်။ ပြည်တွင်းစောင့်ကြည့်တဲ့ သူကော၊ နိုင်ငံတာကာ စောင့်ကြည့်တဲ့ သူတွေအပါဝင် ဒီရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲဟုတ်မဟုတ် အကူညီပေးစေမှာဖြစ်သလို မဲလိမ်မဲခိုးမဖြစ်အောင်လည်း အကာအကွယ်ပေးသွားမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် ဒီရွေးကောက်ပွဲအတွက် နိုင်ငံတာကာရဲ့ နည်းပညာနဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို ပံ့ပိုးပေးသလို ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်တဲ့ အဖွဲ့တွေကိုလည်း ပံ့ပိုးပေးတယ်လို့ဆိုပါတယ်။ စစ်ကိုင်းတိုင်းက ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေး အတွေ့ကြုံတွေကိုလည်း သံအမတ်ကြီးက မေးမြန်းခဲ့တယ်လို့ မုံရွာမြို့နယ် အန်အယ်လ်ဒီ ပြန်ကြားရေးတာဝန်ခံ ကိုစစ်ငြိမ်းအေးက ပြောပါတယ်။ “အခက်အခဲတွေ ဘယ်လိုရှိလဲဆိုတာကို ကိုယ်စားလှယ်လောင်းကို သူကိုယ်တိုင်တိုက်ရိုက်မေးမြန်းတယ်။ မေးပြီးတော့ သူရဲ့ ပြန်ကြားချက်တွေကို လာမယ့်ရွေးကောက်ပွဲမှာ စောင့်ကြည့်ရေးအဖွဲ့တွေ အသုံးပြုနိုင်အောင် လာမေးတာ။ တခြားပါတီတွေကိုလည်း မေးမြန်းတွေ့ဆုံမယ်ဆိုတာ ပြောသွားတာတွေရှိပါတယ်။” သံအမတ်ကြီးက ဒီရွေးကောက်ပွဲဟာ နိုင်ငံတာကာက အရမ်းစိတ်ဝင်စားမှုရှိနေတဲ့ ရွေးကောက်ပွဲဖြစ်တဲ့အကြောင်း၊ သူတို့အနေနဲ့ ရန်ကုန်မှာပဲ စောင့်ကြည်တာမျိုးမဟုတ်ဘဲ တပြည်လုံးအနံ့  ပြည်တင်းပြည်ပ စောင့်ကြည့်ရေးကိုယ်စားလှယ်တွေကို ဖြန့်ကြက်စောင့်ကြည့်လေ့လာသွားမှာဖြစ်ကြောင်း ဒီရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်ဆိုတာ အာမမခံနိုင်ပေမယ့် အကောင်းဆုံးဖြစ်အောင် ကြိးစားသွားမယ်လို့ ပြောပါတယ်။
6 years Ago

July 20, 2015

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်လိုသူများ တရားဝင်လျှောက်ထားနိုင်

လာမယ့် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲအတွက် မီဒီယာတွေအပါအ၀င် ပြည်တွင်း ပြည်ပက စောင့်ကြည့်လေ့လာလိုသူတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တရားဝင် လျောက်ထားကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်လိုတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ မီဒီယာ အဖွဲ့အစည်းတွေအနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲတွေမှာ ထုတ်ပြန်ထားတဲ့ လုပ်ငန်းစဉ်နဲ့ အညီလျောက်ထားကြဖို့ ဇူလိုင် ၁၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။ မီဒီယာ အဖွဲ့အစည်းတွေအနေနဲ့ တဖွဲ့ကို ၁ ယောက်ကနေ ၃ ယောက်သာ လျောက်ထားဖို့ ကန့်သတ်ထားပြီး ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနည်းဥပဒေ ညွန်ကြားချက်တွေအပြင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က ထုတ်ပြန်ထားတဲ့သတင်းမီဒီယာ ကျင့်ဝတ်ကိုလည်း လိုက်နာရမယ်လို့ ဆိုပါတယ်။ 10521756_10204298018442526_1640186417520158351_nရွေးကောက်ပွဲ စောင့်ကြည့်မယ့် လူမှုအဖွဲ့အစည်းတွေအနေနဲ့ကတော့ ရွေးကောက်ပွဲ ဥပဒေ၊ နည်း ဥပဒေညွန်ကြားချက်တွေနဲ့ ပြည်တွင်းစောင့်ကြည့်လေ့လာရေး ကျင့်ဝတ်တွေကို လိုက်နာရမယ်လို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်တွင်းနဲ့ နိုင်ငံတကာစောင့်ကြည့်လေ့လာသူတွေကို ဖိတ်ခေါ်ပြီး လွတ်လပ်မျှတ ပွင့်လင်းမြင်သာစွာ ကျင်းပသွားမယ်လို့ အရင်ကတည်းက ကတိပေးထားတာပါ။ ရွေးကောက်ပွဲ လွတ်လပ်မျှတဖို့ အမေရိကန်အခြေစိုက် သမ္မတဟောင်း ဂျင်မီကာတာ ထူထောင်ထားတဲ့ ကာတာစင်တာနဲ့ အီးယူ ဥရောပသမဂ္ဂ တို့ကို ဖိတ်ကြားမယ်လို့လည်း အစိုးရ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားထားပါတယ်။ ကာတာစင်တာကတော့ ၂၀၁၅ ရွေးကောက်ပွဲ ပွင့်လင်းမြင်သာ ဂုဏ်သိက္ခာရှိစေရေးအတွက် စစ်တပ်နဲ့ရဲတပ်ရင်းတွေမှာ ကြိုတင်မဲပေးတာကို စောင့်ကြည့်လေ့လာခွင့်ပေးဖို့ အပါအ၀င် အကြံပြုချက်တွေကို မြန်မာပြည်ခရီးစဉ်အပြီး မတ်လ ၃၀ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ဒီအစီရင်ခံစာမှာ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ သတင်းစာဆရာတွေ အနှောင့်အယှက် အတားအဆီးမခံရအောင်လုပ်ဆောင်ပေးဖို့၊ ပြည်တွင်းပြည်ပ စောင့်ကြည့်လေ့လာသူတွေရဲ့ လွတ်လပ်စွာသွားလာခွင့်ကိုအာမခံပေးဖို့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေအနေနဲ့လည်း နိုင်ငံရေးပါတီတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေ၊ လေ့လာစောင့်ကြည်သူတွေ၊ သတင်းထောက် တွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့လုပ်ငန်းတွေကို ဟန့်တားခြင်းမရှိကြောင်း လူသိရှင်ကြား ကတိပေးဖို့ အကြံပြုထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတုန်းကတော့ နိုင်ငံတကာ စောင့်ကြည့် လေ့လာသူတွေကို စစ်အစိုးရက ခွင့်ပြုခြင်းမရှိခဲ့ပါဘူး။
6 years Ago
Up